ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်ရဲ့ သစ္စာရှင်ကြီး မာကိုရူးစ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲမှာ ပီအက်စ်ဂျီကို အဝေးကွင်းမှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၀-၂နဲ့ ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့ပြီးနောက် ဝင်ဘလေကွင်းထဲမှာ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်အောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ကြွေးကြော်သွားခဲ့ပါတယ်။

မာကိုရူးစ် ဦး​ဆောင်နေတဲ့ ဒေါ့မွန်က ယခုနှစ် ဘောလုံးရာသီရဲ့ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ရလဒ်ကောင်းတွေ တောက်လျှောက် ရရှိထားပြီး အုပ်စုအဆင့်မှာ ပီအက်စ်ဂျီ ၊ နယူးကာဆယ် ၊ အေစီမီလန် စတဲ့ အသင်းတွေ ပါဝင်နေတဲ့ သေမင်းတမန်အုပ်စုမှာ အုပ်စုဗိုလ် ဖြစ်ခဲ့ပါတယ်။

Photo Credit: Standard

၁၆သင်း ရှုံးထွက်အဆင့်နဲ့ ကွာတားဖိုင်နယ်တွေမှာလည်း ဒေါ့မွန်က ပီအက်စ်ဗွီ ၊ အက်သလက်တီကို မက်ဒရစ် စတဲ့ အသင်းတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာတော့ အုပ်စုတွင်းပြိုင်ဘက် ပီအက်စ်ဂျီနဲ့ ပြန်လည် တွေ့ဆုံခဲ့ပါတယ်။

ဒေါ့မွန်က တိုက်စစ်စွမ်းရည် ထက်​မြက်တဲ့ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်တွေ့ခဲ့ပေမယ့် ဟမ်းမဲလ် ဦးဆောင်လာတဲ့ ဒေါ့မွန်ရဲ့ ခံစစ်ကြောင်းက ပြီးပြည့်စုံတဲ့ ခံစစ်ကစားဟန်ကို ပြသကာ သွင်းဂိုး တဂိုးမှ မပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဒေါ့မွန်က ပီအက်စ်ဂျီကို နှစ်ကျော့စလုံးမှာ ၁-၀ ဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ရကာ ဗိုလ်လုပွဲဆီ တက်နိုင်ခဲ့ပါတယ်။

Photo Credit: Super Sports

ဒေါ့မွန်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အစဉ်အလာပြိုင်ဘက်ဘိုင်ယန်မြူးနစ် (သို့) ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပြီး ရာသီကုန်မှာ ဒေါ့မွန်ကနေ ထွက်ခွာတော့မယ့် အသင်းခေါင်းဆောင် မာကိုရူးစ်ကတော့ သူတို့အသင်းရဲ့ ချန်ပီယံလိိဂ် ချန်ပီယံ ဖြစ်ရမယ့် အချိန်အခါ ကျရောက်လာပြီလို့ ကြွေးကြော်လာခဲ့ပါတယ်။

မာကိုရူးစ်က – “ကျွန်တော်တို့က ဝင်ဘလေကွင်းဆီ သွားရပါတော့မယ်။ ခံစားချက်တွေက ရူးလောက်စရာပါပဲ။ ကျွန်တော်တို့က ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ ပြန်ရောက်လာပါပြီ။ ဆယ်နှစ်ကျော် ကြာပြီးမှ ကျွန်တော်တို့က ဗိုလ်လုပွဲဆီ ပြန်ရောက်လာခဲ့တာပါ။ ကျွန်တော်တို့က ဒီရာသီမှာ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်အောင် လုပ်ရပါတော့မယ်။ ဒီရာသီက ကျွန်တော်တို့အတွက်ပဲ။ ကျွန်တော်တို့ရဲ့ အချိန် ရောက်လာပါပြီ” လို့ မျက်ရည်လည်ရွှဲနဲ့ ပြောကြားသွားခဲ့တာပါ။