ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးနဲ့ ဆီနီဂေါတို့ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ဆာဒီယို မာနေးကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆီနီဂေါနဲ့ ဘီနင်တို့ရဲ့ အာဖရိက နေးရှင်းဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲမှာ တဦးထဲ သုံးဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် ဆီနီဂေါ သမိုင်းမှာ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

အာဖရိက နေးရှင်းဖလားပြိုင်ပွဲရဲ့ အုပ်စု(L) အဖွင့်ပွဲ အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆီနီဂေါနဲ့ ဘီနင်တို့ရဲ့ ပွဲစဉ်မှာ အာဖရိကဖလား ချန်ပီယံ ဆီနီဂေါက ဘီနင်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ပြီး မာနေးရဲ့ ဟက်ထရစ်နဲ့ အတူ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

Photo Credit: Goal

ဆီနီဂေါနိုင်ငံမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ ဆီနီဂေါက အိမ်ရှင်ပီပီ ဘီနင်ဘက်ကို တရစပ် ဖိအားပေး တိုက်စစ်ဆင် ကစားခဲ့သလို မာနေးကလည်း အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး ပွဲကစားချိန် ၁၂မိနစ် ၊ ၂၀မိနစ်နဲ့ ၈၀မိနစ်တို့မှာ သွင်းဂိုးတွေ အသီးသီး သွင်းယူပေးခဲ့ကာ ဘီနင်အတွက် တလုံးထဲသော ချေပဂိုးကိုတော့ ပွဲကစားချိန် ၈၈မိနစ်မှာ ကွင်းလယ်လူ အူလိုင်တန်က သွင်းယူပေးခဲ့တာပါ။

ဘီနင်နဲ့ပွဲမှာ သွင်းဂိုး ၃ဂိုး ရရှိခဲ့ပြီးနောက် မာနေးရဲ့ နိုင်ငံတကာသွင်းဂိုး အရေအတွက်ဟာ ၃၂ဂိုး အထိ ရှိလာခဲ့ပြီး မာနေးက ယခင် ဆီနီဂေါရဲ့ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားတဲ့ ဂန္တဝင် ကစားသမားကြီး ကာမာရာ (၃၁ဂိုး)ကို ကျော်ဖြတ်ကာ အသင်းရဲ့ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

Photo Credit: Goal

မာနေးက ဆီနီဂေါ အတွက် ပွဲ ၉၀ ပါဝင် ကစားပေးခဲ့ရာမှာ သွင်းဂိုး ၃၂ဂိုး အထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး သူက နောက်ထပ် အနိမ့်ဆုံး ၅နှစ်ခန့် ဆီနီဂေါ အတွက် ပါဝင် ကစားပေးဖို့လည်း ရှိနေတာကြောင့် သူ့ရဲ့ နိုင်ငံတကာသွင်းဂိုး အရေအတွက်ဟာ ၆၀နီးပါး အထိ ရောက်ရှိသွားနိုင်ပါတယ်။