မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်လက်ထက်မှာ ရလဒ်ပိုင်းတွေ အတော်လေးကို ကောင်းမွန်လာခဲ့ရပြီး အထူးသဖြင့်တော့ အိုးထရက်ဖို့ဒ်မှာ အိမ်ကွင်းရလဒ်ပိုင်းတွေဟာ ပိုမို တိုးတတ်ကောင်းမွန်လာခဲ့ရကာ လက်ရှိအချိန် အိမ်ကွင်း(၁၆)ပွဲမှာ အစပိုင်း ကစားထားရတဲ့ (၃)ပွဲသာ ရလဒ်အတိမ်းအစောင်း ဖြစ်ခဲ့ရပြီး ကျန်တဲ့ပွဲတွေ အားလုံးကို အနိုင်ရထားခဲ့ပါတယ်။

Photo Credit : Pucnhng

ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပထမဆုံး အိမ်ကွင်းပွဲနဲ့ ယူရိုပါလိဂ် ပထမဆုံး အိမ်ကွင်းပွဲတွေမှာ အရှုံးရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့လည်း နောက်ပိုင်း အိမ်ကွင်းပွဲတွေမှာတော့ ရလဒ်ကောင်းတွေ ဆက်တိုက် ယူဆောင်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း big six ကလပ်အသင်းကြီးတွေကို အနိုင်ယူထားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ချယ်လ်ဆီး တစ်သင်းတည်းကလွဲပြီး လက်ရှိအချိန်ထိ လီဗာပူးလ် အာဆင်နယ် စပါးနဲ့ မန်စီးတီးတို့ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားထားခဲ့ရင်းနဲ့ အဲ့ဒီပွဲ(၄)ပွဲအတွင်းမှာ နိုင်ပွဲတွေ ရရှိထားခဲ့ပါတယ်။

Photo Credit : Goal

ယူနိုက်တက်ဟာ လီဗာပူးလ်ကို (2-1) အာဆင်နယ်ကို (3-1) စပါးကို (2-0)နဲ့ မန်စီးတီးကို (2-1)တို့နဲ့ အသီးသီး အနိုင်ရထားခဲ့ပြီး ပရီးမီးယားလိဂ် အိမ်ကွင်းပွဲမှာ ဘရိုက်တန် နယူးကာဆယ် (၂)ပွဲတည်းကိုသာ ရလဒ်ပိုင်း တိမ်းစောင်းထားခဲ့ပါတယ်။ ပြိုင်ပွဲစုံ အိမ်ကွင်း(၁၆)ပွဲအတွင်းမှာ (၉)ပွဲကို ပေးဂိုးမရှိအောင် ကစားထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် အိမ်ကွင်း(၅)ပွဲ clean sheets ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲစုံ အိမ်ကွင်း(၁၆)ပွဲမှာ (၁)ပွဲဆက်တိုက် အနိုင်ယူထားခဲ့သလို ပရီးမီးယားလိဂ်မှာဆိုရင်လည်း အိမ်ကွင်း(၅)ပွဲဆက်တိုက်ထိ အနိုင်ရထားခဲ့ပြီး (၇)ပွဲဆက် ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့ပါတယ်။ မနေ့ညက မန်ချက်စတာဒါဘီ ပွဲစဉ်အတွင်း သူတို့အသင်းထက် ပိုမိုကောင်းမွန်လှတဲ့ မန်စီးတီးအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ comeback နိုင်ပွဲနဲ့ အနိုင်ယူသွားခဲ့တာကြောင့် top (4)ထဲမှာ ဆက်လက် ရှိနေရဖို့က အခြေအနေ အကောင်းဆုံး ဖြစ်လာခဲ့ရသလို အမှတ်ပေးချန်ပီယံဆုအတွက် မျှော်လင့်ချက်ထားလို့ မလွယ်ကူရင်တောင် အနည်းဆုံး အဆင့်(၂)နေရာထိပါ မျှော်မှန်းလာနိုင်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က အသင်းမှာ ရှိနေတဲ့ ကစားသမားတွေနဲ့သာ အခုလို ရလဒ်တွေ ကောင်းမွန်လာအောင် လုပ်ဆောင်ထားနိုင်တာဖြစ်ပြီး အသင်းလိုက် ကစားပုံ ပိုကောင်းမွန်နေရာကနေ အခုလို ရလဒ်တွေ ကောင်းမွန်နေတာဖြစ်လို့ ဒီရာသီမှာ ဘယ်လောက်အထိ စွမ်းဆောင်နိုင်ဦးမလဲဆိုတာ စောင့်ကြည့်သွားရဦးမှာပဲ ဖြစ်ပါတယ်။