ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ နာမည်ကြီး ကစားသမားတွေ ဖြစ်ကြတဲ့ ဗာရန်း ၊ ကတ်စ်မဲရိုး ၊ အဲရစ်ဆင် စတဲ့ ဝါရင့် ကစားသမားတွေကို လာမယ့် နွေဈေးကွက်မှာ ဆော်ဒီကလပ်တွေဆီ ရောင်းချဖို့ စီစဉ်နေကြောင်း အင်္ဂလန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ပြင်သစ်ကြယ်ပွင့် ဗာရန်း ၊ ဘရာဇီးလ်ကြယ်ပွင့် ကတ်စ်မဲရိုးနဲ့ ဒိန်းမတ်ကြယ်ပွင့် အဲရစ်ဆင်တို့က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် အားကိုးရတဲ့ ကစားသမားတွေ ဖြစ်ခဲ့ကြပေမယ့် ဒီရာသီမှာတော့ သုံးဦးစလုံးဟာ အသက်အရွယ်ကြောင့် အကျပိုင်းကို ရောက်နေကြပါပြီ။

Photo Credit: Team Talk

နှလုံးမှာ စက်တပ်ထားရတဲ့ အဲရစ်ဆင်က ဒီရာသီမှာ အရန်ခုံနဲ့သာ နှစ်ပါးသွားနေခဲ့ရပြီး ဗာရန်းနဲ့ ကတ်စ်မဲရိုးတို့ကလည်း မကြာခဏ ဒဏ်ရာတွေ ရနေကြသလို ဝင်ကစားခွင့် ရတဲ့ အချိန်တိုင်းမှာလည်း လုပ်ခလစာနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးတွေကို ပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် INEOSက လာမယ့် နွေဈေးကွက် အတွင်းမှာ နာမည်ကြီးခြေကျ ကစားသမားတွေ ဖြစ်တဲ့ အဲရစ်ဆင် ၊ ကတ်စ်မဲရိုးနဲ့ ဗာရန်းတို့ အားလုံးကို ရောင်းထုတ်ဖို့ စဉ်းစားထားပြီး ယူနိုက်တက်က အဆိုပါ ကစားသမား ၃ဦး အတွက် ဆော်ဒီကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေ ရရှိဖို့ မျှော်လင့်ထားကြောင်း သိရှိရပါတယ်။

Photo Credit: Mirror

အဆိုပါ ကစားသမား ၃ဦး အနက် ဗာရန်းက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ ရှိနေပေမယ့် ယူနိုက်တက်နဲ့ ဗာရန်းတို့ရဲ့ လက်ရှိစာချုပ်ထဲမှာ အပို ၁နှစ် သက်တမ်းတိုးခွင့် ပါနေတာကြောင့် ယူနိုက်တက်ကသာ ယခုနှစ် ဘောလုံးရာသီ မကုန်ခင်မှာ ဗာရန်း အတွက် ဝယ်လက်ကို ရှာတွေ့ရင် သက်တမ်းတိုးခွင့်ကို အသုံးပြုပြီး ရောင်းချလို့ ရနေပါတယ်။

အဲရစ်ဆင်နဲ့ ကတ်စ်မဲရိုးတို့ကတော့ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကျန်နေသေးတာကြောင့် ယူနိုက်တက်ဟာ သူတို့နှစ်ဦးကို အလွယ်တကူ ရောင်းချနိုင်ဖို့ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်က ဗာရန်း ၊ ကတ်စ်မဲရိုးနဲ့ အဲရစ်ဆင်တို့ သုံးဦး အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ရရှိဖို့ မျှော်မှန်းထားပါတယ်။