ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က အသင်းပြောင်းခွင့် တောင်းဆိုထားတဲ့ အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ရောင်းချဖို့ စိတ်ကူးမရှိကြောင်း နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဂျူဗင်တပ်ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းဟောင်းဆီ ပြန်လည် ရောက်ရှိခဲ့တဲ့ ပထမဦးဆုံး ဘောလုံးရာသီမှာပဲ အသက်အရွယ်နဲ့ မမျှတဲ့ တာဝန်တွေကို ယူခဲ့ရသလို စွမ်းဆောင်ရည်ကောင်းတွေကိုလည်း ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Mirror

ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက် တကျော့ပြန် ခရီးစဉ်ရဲ့ ပထမဦးဆုံး ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၂၄ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၃ကြိမ် အထိ ရယူနိုင်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်က ဆုဖလားတွေနဲ့ အလှမ်းဝေးခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လည်း လွဲချော်ခဲ့ရပါတယ်။

ဒါကြောင့်ပဲ ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်နဲ့အတူ သူ မျှော်မှန်းထားတဲ့ အောင်မြင်မှုတွေ ရယူနိုင်ဖွယ် မရှိတာကြောင့် အသင်းကနေ ထွက်ခွာချင်နေခဲ့ပြီး ယမန်နေ့မှာပဲ ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခွင့် တောင်းခံထားကြောင်း သတင်းတွေ ထွက်လာခဲ့ပါတယ်။

Photo Credit: Mirror

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို နွေရာသီ အပြောင်းအရွှေ့ ပိတ်သိမ်းဖို့ နီးကပ်နေချိန်မှာ အသင်းကနေ ထွက်ခွာခွင့် ပြုဖို့ စိတ်ကူးမရှိပဲ ရိုနယ်ဒိုရဲ့ တောင်းဆိုမှုကိုလည်း လက်မခံခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒေးဗစ် အွန်စတိန်းကလည်း မန်ချက်စတာ ယူနိုက်တက်ဟာ ရိုနယ်ဒိုကို ရောင်းမထုတ်ချင်ကြောင်း ထပ်ဆင့် အတည်ပြုပေးထားပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ရိုနယ်ဒိုကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေကြောင်းလည်း သိရပါတယ်။