ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ကစားသမားဟောင်းတစ်ဦးလည်းဖြစ်တဲ့ ကယ်လ်ဗင် နိုလန်က ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လာဖို့ ရှိနေပြီး သူရဲ့အသင်းသစ်ကတော့ မန်ချက်စတာ ယူနိုက်တက် ဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုသွားခဲ့ပါတယ်။

တော့တင်ဟမ် ဟော့စပါးအသင်းမှာ ဆယ်စုနှစ်တစ်ခုလောက်အထိ ပါဝင်ခဲ့ပြီး စပါးရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့် ဆုဖလားတွေနဲ့ အလှမ်းဝေးနေမှုကို အဆုံးသတ်နိုင်ဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။

Photo Credit : Sky Sports

ဘိုင်ယန်မှာလည်း ဟယ်ရီကိန်းက ဆုဖလားတွေနဲ့ ဆက်လက် အလှမ်းဝေးနေရဆဲ ဖြစ်နေပေမယ့် ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ (၃၃)ပွဲမှာ (၃၃)ဂိုးအထိတောင် သွင်းယူထားနိုင်တဲ့ သူရဲ့ လက်ရှိ form က လက်ရှိ ဥရောပရဲ့ တိုက်စစ်မှူးတွေထဲ အမြင့်မားဆုံး စွမ်းဆောင်ရည်တောင် ဖြစ်နေရပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဟယ်ရီကိန်းနဲ့ ပတ်သက်ပြီး ကယ်လ်ဗင် နိုလန်က “ကျွန်တော် သူ့ကို ပရီးမီးယားလိဂ်မှာ သေချာပေါက် ပြန်မြင်တွေ့ရနိုင်ပါတယ်။ ကိန်းသာ တော့တင်ဟမ် ဟော့စပါးအသင်းမှာ ရှိနေမယ်ဆိုရင် ကိန်းကို မန်ချက်စတာ ယူနိုက်တက်အသင်းဆီ လုံးဝ ရောင်းချခြင်း ပြုမှာမဟုတ်ဘူးလို့ ထင်ထားရပေမယ့် တကယ်လို့ ဂျာမနီကသာ ပြန်လာမယ်ဆိုရင်တော့ ကိန်းအတွက် ဦးတည်ရာက မန်ယူနိုက်တက် ဖြစ်သွားနိုင်တယ်လို့ ထင်ပါတယ်။”

Photo Credit : Sky Sports

“ဘိုင်ယန်ကလည်း ကိန်းအတွက် သူတို့ အသုံးပြုခဲ့တဲ့အတိုင်း ပြောင်းရွှေ့ကြေးကို ပြန်လိုချင်မှာပဲ။ ကိန်းကလည်း ရာသီတိုင်းမှာ တစ်ရာသီ ဂိုး(၂၀)နဲ့အထက် သွင်းယူနိုင်တဲ့ တိုက်စစ်မှူးမျိုး ဖြစ်နေတာမို့ သူ့အတွက် ဘယ်လောက်ပဲ ပေးရပေးရ ထိုက်တန်တယ်။”

“တကယ်လို့ ကိန်းက ယူနိုက်တက်ဆီ ရောက်သွားရင် စပါးမှာတုန်းကလို ကောင်းနိုင်မလားဆိုတော့ ယူနိုက်တက်အတွက် မတူညီတဲ့ အခြေအနေမျိုးတွေ မတူညီတဲ့ အရည်အသွေးတွေကို ပေးဆောင်နိုင်လိမ့်မယ်လို့ ထင်မိတယ်။ ကျွန်တော်တော့ ကိန်းရဲ့ နောက်ထပ်အသင်းက ယူနိုက်တက်လို့ပဲ ထင်ပါတယ်။” လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။