ချန်ပီယံလိဂ် ညချမ်းတွေနဲ့ ရင်ခုန် စိတ်လှုပ်ရှားခဲ့ကြတဲ့ ပရိသတ်တွေကို ဒီတခေါက်မှာ စောင့်နေတာကတော့ ယူရိုပါလိဂ် ညချမ်းတွေပဲ ဖြစ်ပါတယ်။ မန်ယူနဲ့ ဆီဗီးလား ၊ ဖီယင်နုနဲ့ ရိုးမားတို့လို စိတ်ဝင်စားစရာ ကောင်းတဲ့ ပွဲကောင်းတွေ ရှိနေတာကြောင့် ယူရိုပါလိဂ်ပွဲတွေကလည်း ပရိသတ်တွေ လက်လွှတ်မခံပဲ စောင့်ကြည့်သင့်တဲ့ ပွဲစဉ်တွေပါ။ ဒါကြောင့် ကျွန်တော်တို့ကလည်း ထုံးစံအတိုင်းပဲ ပွဲကြို သုံးသပ်ချက် အစီအစဉ်လေးကို တင်ဆက်ပေးသွားချင်ပါတယ်။ ကဲ စလိုက်ရအောင်ဗျာ…။

Photo Credit: The Sun

မန်ယူနဲ့ ဆီဗီးလား (သောကြာနေ့ မနက် ၁နာရီခွဲ)

ဒီနှစ်သင်းက ကျောင်းတော်က ရန်စတွေ အတော်လေး များပါတယ်။ မန်ချက်စတာ ယူနိုက်တက်နဲ့ ဆီဗီးလားတို့က ဥရောပအဆင့် ပြိုင်ပွဲတွေမှာ ၃ကြိမ် အထိ တွေ့ဆုံခဲ့ဖူးပြီး မန်ချက်စတာ ယူနိုက်တက်က ဆီဗီးလားကို ၁ကြိမ်မှ မနိုင်သေးပါဘူး။ ဒါကြောင့် ဒီပွဲမှာ အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်က ဧည့်သည် ဆီဗီးလားကို အနိုင်ယူဖို့ သေချာ ပြင်ဆင်လာမှာပါ။

ဆီဗီးလားက မန်ချက်စတာ ယူနိုက်တက်နဲ့ တွေ့ဆုံမှုတိုင်းမှာ အသာစီး ရခဲ့ပေမယ့် ဒီရာသီမှာ သူတို့အသင်းရဲ့ ခြေစွမ်းပိုင်းက အတော်လေး ယိမ်းယိုင်နေပြီး လာလီဂါပြိုင်ပွဲမှာ အဆင့်၁၃နေရာ အထိ ရောက်ရှိနေသလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ဖီနာဘာချီ ၊ ပီအက်စ်ဗွီ စတဲ့ အသင်းတွေကို ခက်ခက်ခဲခဲ အနိုင်ယူထားရပါတယ်။ အထူးသဖြင့် ဆီဗီးလားက ယူရိုပါလိဂ် ရှုံးထွက်အဆင့်မှာ ကစားခဲ့တဲ့ အဝေးကွင်းပွဲ ၂ပွဲစလုံး ရှုံးနိမ့်ထားသလို သွင်းဂိုးလည်း ၁ဂိုးမှ မရခဲ့ပါဘူး။

တဖက်မှာ မန်ချက်စတာ ယူနိုက်တက်က အဝေးကွင်းပွဲတွေမှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်ရတတ်ပေမယ့် အိမ်ကွင်းမှာ ရှုံးပွဲ လုံးဝ မရှိသေးပါဘူး။ မန်ချက်စတာ ယူနိုက်တက်က နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ အိမ်ကွင်း ၁၅ပွဲမှာ ၁၃ပွဲ အထိ အနိုင်ရခဲ့ပြီး ၂ပွဲထဲသာ သရေကျခဲ့တာကြောင့် ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက်က ဆီဗီးလားကို မနိုင်သေးတဲ့ မှတ်တမ်းဆိုးကို ချေဖျက်ပြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ခန့်မှန်းရလဒ် – မန်ယူ ၃-၀ ဆီဗီးလား

 

Photo Credit: Express

ဖီယင်နုနဲ့ ရိုးမား (ကြာသပတေးနေ့ ည ၁၁နာရီ ၄၅မိနစ်)

ဒီနှစ်သင်းကလည်း ကျောင်းတော်က ရန်စတွေ ရှိကြပါတယ်။ မော်ရင်ဟိုရဲ့ ရိုးမားက ဖီယင်နုကို အနိုင်ယူပြီး ယူရိုပါ ကွန်းဖရန့်လိဂ်ရဲ့ ချန်ပီယံ အဖြစ် အောင်ပွဲခံထားတာ ၁နှစ်တောင် မပြည့်သေးပါဘူး။ ဒါကြောင့် ဒီပွဲမှာ နယ်သာလန်သားတွေက လက်စားချေချင်နေမှာ အသေအချာပါပဲ။

ဖီယင်နုက ဒီရာသီမှာ ခြေစွမ်းပိုင်း အတော်လေး တည်ငြိမ်နေပြီး နယ်သာလန်လိဂ်မှာ အေဂျက်ကို ကျော်ကာ ချန်ပီယံ ဖြစ်ဖို့ တာစူနေသလို ယူရိုပါလိဂ် နောက်ဆုံးပွဲမှာလည်း ရှက်တာဒိုးနက်ကို ၇-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပါသေးတယ်။ ဒါပေမယ့် ရိုးမားမှာ ရှုံးထွက်ပြိုင်ပွဲတွေရဲ့ ဘုရင်ကြီးလို့ တင်စားခံထားရတဲ့ မော်ရင်ဟို ရှိနေပါတယ်။

ဖီယင်နုက နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ၅ပွဲမှာ ၄ပွဲနိုင် ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပြီး အဆိုပါ ၅ပွဲမှာ သွင်းဂိုး ၁၆ဂိုး သွင်းယူနိုင်ခဲ့ကာ ပေးဂိုး ၅ဂိုး ရှိခဲ့ပါတယ်။ တဖက်မှာတော့ မော်ရင်ဟိုရဲ့ ရိုးမားက နောက်ဆုံး ကစားခဲ့တဲ့ အဝေးကွင်း ၅ပွဲမှာ ၁ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၃ပွဲ အထိ ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲမှာ အိမ်ရှင် ဖီယင်နုတို့ ရလဒ်ကောင်း ရယူနိုင်ဖို့ အလားအလာ များနေပေမယ့် မော်ရင်ဟိုရဲ့ ထုံးစံအတိုင်း ဆိုရင် ရိုးမားကလည်း သရေရအောင် ပိတ်ကစားသွားမှာပါ။ ကျွန်တော်ကတော့ ဒီပွဲကို သရေလို့ပဲ မှန်းချင်ပါတယ်။

ခန့်မှန်းရလဒ် – ဖီယင်နု ၁-၁ ရိုးမား

Photo Credit: The Sun

အခြားပွဲများ အတွက် ခန့်မှန်းရလဒ်များ

ဂျူဗင်တပ် ၂-၁ စပို့တင်း

လေဗာကူဆင် ၂-၁ အူနီယန်