ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူရတော့မယ့် ကွင်းလယ်လူ ဗန်ဒီဘိခ်ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် လက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကွင်းလယ်လူ တိုင်လီမန်းစ်ကို လျှော့ဈေးနဲ့ ခေါ်ယူရန် ကြိုးစားနေကြောင်း နာမည်ကြီး ဘယ်လ်ဂျီယံ သတင်းထောက် ဆာချာ တာဗိုလာရီက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ကွင်းလယ်ပိုင်းမှာ ဖာနန်ဒက် ၊ အဲရစ်ဆင် ၊ ကတ်စ်မဲရိုး ၊ ဖရက်ဒ် ၊ တော်မီနေးနဲ့ ဗန်ဒီဘိခ်တို့ကို ပိုင်ဆိုင်ထားပြီး လက်ရှိမှာ သူတို့ရဲ့ ကွင်းလယ်ပိုင်းဟာ တောင့်တင်းနေပေမယ့် ဗန်ဒီဘိခ် ဒဏ်ရာရသွားတာကြောင့် ကစားကွက်ပိုင်း အပြောင်းအလဲ လုပ်ဖို့နဲ့ ပွဲဆက် များလာချိန်မှာ အလှည့်ကျ ဝင်ရောက် ကစားပေးနိုင်ဖို့ ကွင်းလယ်လူ တဦး လိုအပ်ချက် ရှိလာခဲ့ပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ဆောင်းဈေးကွက် အတွင်း ပထမဦးဆုံး ခေါ်ယူမှု အဖြစ် ဘန်လေရဲ့ တိုက်စစ်မှူး ဗက်ဟော့စ်ကို ရာသီဝက်အငှားနဲ့ ခေါ်ယူပြီးနောက် ပြောင်းရွှေ့ကြေးနည်းနည်းနဲ့ ခေါ်ယူနိုင်မယ့် ကွင်းလယ်လူ တဦးကို ထပ်မံ ခေါ်ယူဖို့ စဉ်းစားနေတာ ဖြစ်ပြီး လက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တိုင်လီမန်းစ်ဟာ သူတို့ရဲ့ အဓိက ပစ်မှတ် ကစားသမားတွေထဲက တဦးပါ။

အသက် ၂၅နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ တိုင်လီမန်းစ်က လက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်တော့သလို လက်စတာ စီးတီးနဲ့ စာချုပ်သစ် မချုပ်တော့ဖို့ ဆုံးဖြတ်ထားတာကြောင့် ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းနိုင်မယ့် ကစားသမား တဦး ဖြစ်ပြီး လက်စတာ စီးတီးကတော့ အသင်းရဲ့ အဓိက ကွင်းလယ်လူ တိုင်လီမန်းစ်ကို ရာသီကုန် အထိ အသင်းမှာ ဆက်ထားဖို့ စဉ်းစားထားပေမယ့် ဆောင်းဈေးကွက် အတွင်းမှာ တိုင်လီမန်းစ် အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရောက်လာရင်လည်း ရောင်းချဖို့ စဉ်းစားဖွယ် ရှိပါတယ်။

Photo Credit: The Sun

နာမည်ကြီး ဘယ်လ်ဂျီယံ သတင်းထောက် ဆာချာ တာဗိုလာရီရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ယခုလ အတွင်းမှာပဲ တိုင်လီမန်းစ်ကို အရ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက လက်စတာ စီးတီးထံ ဆက်သွယ်ကာ တိုင်လီမန်းစ်ရဲ့ ပြောင်းရွှေ့ကြေး အတွက် စုံစမ်းမှုတွေ ရှိခဲ့ကြောင်းနဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ တိုင်လီမန်းစ်ကို လျှော့ဈေးနဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်ထားကြောင်း သိရပါတယ်။

လက်စတာ စီးတီးကတော့ သူတို့နဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်တော့တဲ့ တိုင်လီမန်းစ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၇သန်းနဲ့ ၁၀သန်းကြား တောင်းဆိုနိုင်ပါတယ်။