ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် ပီအက်စ်ဂျီကနေ လိုက်ပ်ဇစ်ထံ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားဖို့ နီးစပ်နေတဲ့ ဇာဗီ ဆိုင်မွန်ကို အငှားနဲ့ ကြားဖြတ် ခေါ်ယူဖို့ ကြိုးစားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ကွင်းလယ်ပိုင်းမှာ ဘရူနို ဖာနန်ဒက် ၊ အဲရစ်ဆင် ၊ ကတ်စ်မဲရိုး ၊ ဖရက်ဒ် ၊ တော်မီနေး ၊ ဗန်ဒီဘိခ် စတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားသလို ယခု နွေဈေးကွက်အတွင်း အင်္ဂလန် ကွင်းလယ်ကြယ်ပွင့် မေဆန်မောင့်ကိုပါ ထပ်မံ ခေါ်ယူထားနိုင်ပါသေးတယ်။

Photo Credit: Football London

ဒါပေမယ့် ဖရက်ဒ်နဲ့ ဗန်ဒီဘိခ်တို့က မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာကာ အသင်းသစ်တွေဆီ ပြောင်းရွှေ့ဖို့ ကြိုးစားနေသလို တော်မီနေးရဲ့ အနာဂတ်ကလည်း မရေရာသေးတာကြောင့် မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က ယခု နွေဈေးကွက် အတွင်းမှာ ကွင်းလယ်လူသစ် ၂ဦး အထိ ခေါ်ယူချင်နေပါတယ်။

လက်ရှိမှာတော့ အဲရစ် တန်ဟက်ဂ်က ဖရက်ဒ်ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ဖီအိုရင်တီးနား ကွင်းလယ်လူ အမ်မရာဘက်ကို ခေါ်ယူဖို့ ချိန်ရွယ်ထားသလို ဗန်ဒီဘိခ်ရဲ့ နေရာအတွက် တိုက်စစ်အားသန် ကွင်းလယ်လူ တဦးကို ခေါ်ယူချင်နေကာ ပီအက်စ်ဂျီ လူငယ်ကြယ်ပွင့် ဇာဗီ ဆိုင်မွန်ဟာ တန်ဟက်ဂ်ရဲ့ စိတ်ကြိုက် ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Football Transfer

နာမည်ကြီး ပြင်သစ်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ L’equipe သတင်းဌာနရဲ့ ဖော်ပြချက်အရ တန်ဟက်ဂ်ရဲ့ မန်ချက်စတာ ယူနိုက်တက်က ပီအက်စ်ဂျီကနေ လိုက်ပ်ဇစ်ထံ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားဖို့ နီးစပ်နေတဲ့ ဇာဗီ ဆိုင်မွန်ကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးစားနေပြီး မန်ချက်စတာ ယူနိုက်တက်က ဇာဗီ ဆိုင်မွန်ကို လိုက်ပ်ဇစ်နည်းတူ တရာသီအငှားနဲ့ ခေါ်ယူရန် ကမ်းလှမ်းထားကြောင်း သိရပါတယ်။

အသက် ၂၀ အရွယ် နယ်သာလန် လူငယ်ကြယ်ပွင့် ဇာဗီ ဆိုင်မွန်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပီအက်စ်ဗွီနဲ့အတူ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့သူ ဖြစ်ပြီး ဆိုင်မွန်က ပီအက်စ်ဗွီအတွက် ပြိုင်ပွဲစုံမှာ ၄၈ပွဲ ပါဝင် ကစားပေးခဲ့ရာ ၂၂ဂိုး သွင်းယူနိုင်ခဲ့သလို ၁၂ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။