ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ အဓိက ပြိုင်ဘက် ချယ်လ်ဆီးရဲ့ ကြယ်ပွင့်ကွင်းလယ်လူ အန်ဂိုလို ကန်တီကို ခေါ်ယူဖို့ အလွန်အမင်း စိတ်ဝင်စားနေသလို မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် တန်ဟက်ဂ်ကလည်း ကန်တီကို ခေါ်ယူပေးဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ ဖိအားပေး တောင်းဆိုနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေအပြောင်းအရွှေ့မှာ ပေါ့ဘာနဲ့ မာတစ်တို့လို အသင်းရဲ့ အဓိကကျတဲ့ ကွင်းလယ်လူ နှစ်ဦးကို လက်လွှတ်ရဖို့ ရှိနေတာကြောင့် သူတို့နှစ်ဦးရဲ့ နေရာကို အစားဝင်နိုင်မယ့် ကွင်းလယ်လူတွေကို ရှာဖွေနေပြီး ပရီးမီးယားလိဂ်နဲ့ အသားကျထားသလို ထိပ်တန်း ကွင်းလယ်လူ တဦးလည်း ဖြစ်တဲ့ ကန်တီက သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Team Talk

အသက် ၃၁နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား အန်ဂိုလို ကန်တီဟာ ချယ်လ်ဆီးရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ကြံ့ခိုင်မှု ပြဿနာတွေကြောင့် အသင်းရဲ့ ပွဲစဉ်အတော်များများကို လွဲချော်ခဲ့သလို ပါဝင် ကစားခွင့် ရခဲ့တဲ့ ပွဲစဉ်တွေမှာလည်း ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးက လာမယ့် နွေအပြောင်းအရွှေ့မှာ ကန်တီအတွက် သင့်တော် မှန်ကန်တဲ့ ကမ်းလှမ်းမှု တရပ် ရလာခဲ့မယ် ဆိုရင် ကန်တီကို ရောင်းထုတ်ဖို့ စီစဉ်နေပေမယ့် ချယ်လ်ဆီးနည်းပြ ဖြစ်သူ တူဟယ်လ်ကတော့ ကန်တီကို ပြိုင်ဘက်အသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ထံ ရောင်းချမယ့် အစီအစဉ်ကို ကန့်ကွက်ဖွယ် ရှိကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက ဆိုပါတယ်။

Photo Credit: Team Talk

ဒါပေမယ့် တဖက်မှာ မန်ချက်စတာ ယူနိုက်တက်က ကန်တီကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းလာဖွယ် ရှိတာကြောင့် တူဟယ်လ်ရဲ့ ကြိုးပမ်းမှုက အရာထင်ဖွယ် မရှိပဲ မန်ချက်စတာ ယူနိုက်တက်က ကန်တီအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်း ဝန်းကျင် အထိ သုံးစွဲဖို့ စီစဉ်ထားကြောင်းလည်း The Athletic သတင်းဌာနက ဖော်ပြထားပါသေးတယ်။