ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က အသင်းကနေ ထွက်ခွာသွားတဲ့ ခရစ္စတီယာနို ရိုနယ်ဒိုရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် နယ်သာလန် နာမည်ကြီးကလပ် ပီအက်စ်ဗွီရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဂတ်ပိုကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းနေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က နယ်သာလန်နဲ့ ပီအက်စ်ဗွီ ကြယ်ပွင့် တိုက်စစ်မှူး ဂတ်ပိုကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာလည်း ကြိုးစားခဲ့ဖူးပြီး အဲ့ဒီတုန်းက အေဂျက်ရဲ့ တောင်ပံတိုက်စစ် ကစားသမား အန်တိုနီကို ယူရို ၁၀၀သန်းနဲ့ ခေါ်ယူခဲ့မှု ၊ အသင်းရဲ့ အရန် ကစားသမားတွေ ဖြစ်တဲ့ ဘစ္စကာနဲ့ ဗန်ဒီဘိခ်တို့ကို ခေါ်ယူဖို့ ကြိုးစားတဲ့ အသင်းတွေ မရှိခဲ့မှုတို့ကြောင့်သာ မန်ချက်စတာ ယူနိုက်တက်ဟာ ဂတ်ပိုကို မခေါ်ယူဖြစ်ခဲ့တာပါ။

Photo Credit: The Sun

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကို အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့တာကြောင့် ရိုနယ်ဒိုရဲ့ နေရာအတွက် တိုက်စစ်မှူး တဦးကို မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေခဲ့ပြီး တဖက်မှာလည်း ဂတ်ပိုက နယ်သာလန်နဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောက်ပနေခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ တခြားအသင်းတွေက ဂတ်ပိုကို မခေါ်ယူခင်မှာပဲ ဂတ်ပိုကို အမိအရ ခေါ်ယူဖို့ ကြိုးစားလာတာပါ။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဂတ်ပိုရဲ့ အေးဂျင့်တွေနဲ့ တရားဝင် တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဆွေးနွေးမှုတွေက အပေါင်းလက္ခဏာ ဆောင်နေသလို မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က ဂတ်ပိုကို ခေါ်ယူနိုင်ဖို့ သူကိုယ်တိုင် ပါဝင် လှုပ်ရှားနေကြောင်း သိရပါတယ်။

Photo Credit: The Sun

ပီအက်စ်ဗွီကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဂတ်ပိုအတွက် အသားတင် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း + အပိုဆုကြေးတွေ လိုချင်နေကြောင်း နာမည်ကြီး နယ်သာလန် အခြေစိုက် သတင်းထောက်တွေက ဖော်ပြထားကြပါတယ်။

လက်ရှိမှာတော့ ဂတ်ပိုက ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နယ်သာလန်နဲ့ အတူ ရှိနေပြီး ဂတ်ပိုက နယ်သာလန် အတွက် အုပ်စုပွဲ ၃ပွဲစလုံးမှာ သွင်းဂိုးတွေ သွင်းယူပေးထားနိုင်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်ဆုကို ရရှိဖို့ ရေပန်းစားနေပါတယ်။