ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်း ကနေ လာလီဂါကလပ် ဂီတာဖေးဆီ ၁ရာသီအငှားနဲ့ သွားရောက် ကစားကာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ လူငယ်တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ရဲ့ တိုးတက်မှု အခြေအနေကို စောင့်ကြည့်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၂နှစ် အရွယ် တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် တိုက်စစ်မှူး တဦး ဖြစ်ပြီး သူက ဘယ်ခြေ ၊ ညာခြေ နှစ်ဖက်စလုံးကို အသုံးပြုနိုင်သလို တိုက်စစ်ရဲ့ နေရာစုံမှာ ကစားနိုင်စွမ်း ရှိပါတယ်။

Photo Credit: Goal

မေဆန် ဂရင်းဝုဒ်က မန်ချက်စတာ ယူနိုက်တက် အတွက် အားကိုးရတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် ကွင်းပြင်ပမှာ အတူနေချစ်သူ ရော့ဘ်ဆန်အပေါ် အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ၁နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရပြီး အဲ့ဒီကိစ္စကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ အမျိုးသမီးပရိသတ်တွေက ဂရင်းဝုဒ်ကို သူတို့အသင်းမှာ မမြင်ချင်တော့ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

အမျိုးသမီးပရိသတ်တွေရဲ့ ဆန့်ကျင် ဆန္ဒပြမှုကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က သူတို့နဲ့ စာချုပ်သက်တမ်း ၂နှစ် ကျန်သေးတဲ့ ဂရင်းဝုဒ်ကို ဂီတာဖေးဆီ ၁ရာသီအငှားနဲ့ စေလွှတ်ခဲ့ပြီး လက်ရှိမှာတော့ ဂရင်းဝုဒ်က ဂီတာဖေးပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်နေပါပြီ။

Photo Credit: Goal

ဂရင်းဝုဒ်က ဂီတာဖေးအတွက် ပြိုင်ပွဲစုံမှာ ၁၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး အထိ သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၃ကြိမ် ရရှိထားပြီး သူက ဂီတာဖေးရဲ့ ဒုတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ရပ်တည်နေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒန် ရှယ်ဒွန်ရဲ့ ဖော်ပြချက်အရ ဂရင်းဝုဒ်က စပိန်မြေမှာ ပျော်ရွှင်နေသလို ဂီတာဖေးကလည်း သူ့ကို အပြီးသတ် ခေါ်ယူဖို့ ဆန္ဒရှိနေပေမယ့် မန်ချက်စတာ ယူနိုက်တက်က ဂရင်းဝုဒ်ရဲ့ ခြေစွမ်းကို အနီးကပ် စောင့်ကြည့်နေတာကြောင့် စပိန်မြေမှာ တောက်ပနေတဲ့ ဂရင်းဝုဒ်ဟာ အင်္ဂလန်နိုင်ငံဆီ ပြန်လာမယ့် အလားအလာတွေ ရှိနေကြောင်း သိရပါတယ်။