ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က လာမယ့် ဆောင်းဈေးကွက် အတွင်းမှာ မထင်ထားတဲ့ ခေါ်ယူမှု တရပ် အဖြစ် အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ ကြိုးစားရန် စဉ်းစားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ နည်းပြသစ် အဲရစ် တန်ဟက်ဂ်ကြောင့် ကစားပုံရော ရလဒ်ပိုင်းမှာပါ တိုးတက်မှုတွေ ရှိလာခဲ့ပေမယ့် ကြံ့ခိုင်မှု မပြည့်ဝတဲ့ မာရှယ်နဲ့ အသက်အရွယ်ကြောင့် ခြေစွမ်းကျဆင်းလာတဲ့ ရိုနယ်ဒိုတို့ကိုသာ အားကိုးနေရတဲ့ တိုက်စစ်ပိုင်းဟာ အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်လာခဲ့ပါတယ်။

 

Photo Credit: The Sun

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က လာမယ့် ဆောင်းဈေးကွက် အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အားကိုးရမယ့် တိုက်စစ်မှူး တဦးကို ခေါ်ယူချင်နေပြီး တန်ဟက်ဂ်ဟာ တိုက်စစ်ပိုင်း အတွက် အထောင်တိုက်စစ်မှူး စစ်စစ် တဦးကို ခေါ်ယူချင်နေပေမယ့် ဈေးကွက် အတွင်းမှာ အရည်အသွေးမြင့် အထောင်တိုက်စစ်မှူး ရှားပါးမှုနဲ့ အပြောင်းအရွှေ့ အသုံးစရိတ် ကန့်သတ်ခံထားရမှုတို့ကြောင့် သင့်တော်တဲ့ တိုက်စစ်မှူးကိုသာ ရွေးချယ် ခေါ်ယူရဖွယ် ရှိနေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က လာမယ့် ဆောင်းဈေးကွက်မှာ ခေါ်ယူမယ့် တိုက်စစ်မှူးကို ယခုချိန်ထဲက စတင် ရှာဖွေနေပြီး အက်သလက်တီကို မက်ဒရစ်နဲ့ အနာဂတ် မရေရာတဲ့ တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ် စာရင်းထဲမှာ ပါဝင်နေသလို ပြောင်းရွှေ့ကြေး နည်းပါးမှု ၊ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်မှုတို့ကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ဟာ ဂရစ်ဇ်မန်းကို အခြား တိုက်စစ်မှူးတွေထက် ဦးစားပေး ခေါ်ယူရန် ရှိနေကြောင်း သိရပါတယ်။

Photo Credit: The Sun

အသက် ၃၁နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ဂရစ်ဇ်မန်းက မန်ချက်စတာ ယူနိုက်တက်ရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တဦး  ဖြစ်ပြီး သူက လက်ရှိမှာ ဘာစီလိုနာကနေ အက်သလက်တီကို မက်ဒရစ်ထံ အငှား + အပြီးသတ် ပြောင်းရွှေ့ခွင့်နဲ့ ပြောင်းရွှေ့ ကစားနေပေမယ့် အက်သလက်တီကို မက်ဒရစ်က သူ့ကို အပြီးသတ် မခေါ်ယူချင်တာကြောင့် ယခုနှစ် ဘောလုံးရာသီမှာ ဂရစ်ဇ်မန်းဟာ အက်သလက်တီကို မက်ဒရစ် အတွက် လူစားဝင် တိုက်စစ်မှူး အဖြစ်သာ ကစားခွင့် ရနေပါတယ်။

ဂရစ်ဇ်မန်းက ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်တာကြောင့် သူ့ရဲ့ ပွဲထွက်ခွင့်နဲ့ ပတ်သတ်ပြီး ကျေနပ်မှု မရှိပဲ အကယ်၍ အက်သလက်တီကို မက်ဒရစ်ကသာ သူ့ကို ပွဲထွက်ခွင့် မပေးရင် လာမယ့် ဆောင်းဈေးကွက်မှာပဲ အသင်းသစ် ရှာဖွေဖို့ ရှိနေသလို ဘာစီလိုနာကလည်း ဂရစ်ဇ်မန်း အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် ရရှိရင် ဂရစ်ဇ်မန်းကို ရောင်းချဖို့ ဆုံးဖြတ်ထားတာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ ဂရစ်ဇ်မန်းကို ခပ်လွယ်လွယ်ပဲ ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။