ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တဦး ဖြစ်သူ အဲဗာတန်ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား အိုနာနာကို ခေါ်ယူဖို့ ဆွေးနွေးမှု တချို့ လုပ်ထားပြီး အိုနာနာအတွက် အသင်းရဲ့ ကွင်းလယ်လူ တော်မီနေးကို အလိုက်ပေး ကမ်းလှမ်းနိုင်ကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ကွင်းလယ်ခံစစ်ပိုင်းမှာ ကတ်စ်မဲရိုး ၊ အမ်မရာဘက် ၊ မိုင်နူး စတဲ့ ကစားသမား ၃ဦး အထိ ပိုင်ဆိုင်ထားပေမယ့် ကတ်စ်မဲရိုးက အသက်အရွယ်ကြောင့် မကြာခဏ ဒဏ်ရာရနေသလို အမ်မရာဘက်ရဲ့ ခြေစွမ်းပိုင်းကလည်း အားရစရာ မကောင်းပါဘူး။

Photo Credit: Goal

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်က နောက်ပိုင်းပွဲတွေမှာ လူငယ်ကြယ်ပွင့် မိုင်နူးကိုသာ အဓိကထား ပွဲထုတ်နေရပြီး မိုင်နူးက အရည်အသွေး ပြည့်ဝတဲ့ လူငယ် ကွင်းလယ်လူ ဖြစ်ပေမယ့် အတွေ့အကြုံ သိပ်မရှိသေးတာကြောင့် တချို့ပွဲတွေမှာ အမှားတွေ လုပ်မိတာကို မြင်ခဲ့ရပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ တဲလ်ဘော့တ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က အဲဗာတန်နဲ့အတူ တောက်ပနေတဲ့ ကွင်းလယ်ခံစစ် ကစားသမား အိုနာနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ဆွေးနွေးမှု တချို့ပါ လုပ်ထားပြီး အဲဗာတန်ကလည်း မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ တော်မီနေးကို စိတ်ဝင်စားနေတာကြောင့် နှစ်သင်းကြားမှာ ကစားသမား အလဲအထပ် လုပ်တာမျိုး မြင်တွေ့ရနိုင်ကြောင်း သိရပါတယ်။

Photo Credit: Football 365

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ အိုနာနာက ၂၀၂၂ခုနှစ်မှာ လိုင်လီကနေ အဲဗာတန်ဆီ ပြောင်းရွှေ့လာပြီးနောက် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမားတွေထဲမှာ ပါဝင်နေသူ ဖြစ်ပြီး သူက ဒီရာသီမှာလည်း အဲဗာတန်အတွက် ၂၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပါတယ်။

အဲဗာတန်က ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံနေရသလို အဲဗာတန်နည်းပြ ရှောင်ဒိုက်က ယူနိုက်တက် ကွင်းလယ်လူ တော်မီနေးကို အသင်းရဲ့ ကွင်းလယ်အင်ဂျင် ဖြစ်လာမယ့်သူလို့ တွက်ဆကာ သဘောကျနေတာကြောင့် ယူနိုက်တက်ကသာ တော်မီနေး + သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ကမ်းလှမ်းလာရင် အဲဗာတန်က ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိနေပါတယ်။