ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အားနည်းချက် တခု ဖြစ်တဲ့ တိုက်စစ်ပိုင်း အတွက် နယ်သာလန် နာမည်ကြီးကလပ် ပီအက်စ်ဗွီရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ဂတ်ပိုကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

လက်ရှိ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းမှာ အထောင်တိုက်စစ်မှူး အဖြစ် ကစားနိုင်စွမ်း ရှိသူက မာရှယ်နဲ့ ရိုနယ်ဒိုတို့ နှစ်ဦးထဲသာ ရှိသလို နှစ်ဦးစလုံးရဲ့ ကြံ့ခိုင်မှုကလည်း ရာသီပြည့် ကစားနိုင်ဖို့ ခက်ခဲတာကြောင့် သူတို့နှစ်သင်းနဲ့ ယှဉ်ပြိုင်ဖို့ နောက်ထပ် တိုက်စစ်မှူး တဦးကို ထပ်မံ ခေါ်ယူချင်နေတာပါ။

Photo Credit: The Sun

တဖက်မှာတော့ အသက် ၂၃နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ဂတ်ပိုက ပီအက်စ်ဗွီနဲ့အတူ အတော်လေး တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး ဂတ်ပိုက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပီအက်စ်ဗွီအတွက် ပြိုင်ပွဲစုံမှာ ၄၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၁ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဘောလုံးအရည်အသွေး မြင့်မားတဲ့ ဂတ်ပိုက အထောင်တိုက်စစ် နေရာအပြင် ဘယ်တောင်ပံနဲ့ ညာတောင်ပံတွေမှာပါ ထွက်ကစားနိုင်စွမ်း ရှိတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက သူ့ကို ခေါ်ယူဖို့ မျက်စိကျနေတာ ဖြစ်ပြီး ယူနိုက်တက်က ယနေ့မှာပဲ ဂတ်ပိုအတွက် ပီအက်စ်ဗွီထံ ချိတ်ဆက်မှုတွေ စတင် ပြုလုပ်လာကြောင်း နာမည်ကြီး သတင်းထောက် ရော့ဘ် ဒေါ်ဆန်က ဆိုပါတယ်။

Photo Credit: The Sun

 

ဒေါ်ဆန်ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်က ယနေ့မှာပဲ ပီအက်စ်ဗွီထံ ဆက်သွယ်ကာ ဂတ်ပိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အသိပေးခဲ့ပြီး ပီအက်စ်ဗွီကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဂတ်ပိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅သန်း လိုချင်နေကာ အဆိုပါ ပြောင်းရွှေ့ကြေးမှ မရရင် ဂတ်ပိုကို ရောင်းချဖို့ စိတ်ကူးမရှိကြောင်း သိရပါတယ်။

ယခုအချိန်မှာ ဂတ်ပိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းက မန်ချက်စတာ ယူနိုက်တက် တသင်းထဲ မဟုတ်ပေမယ့် ဂတ်ပိုကတော့ အခြားအသင်းတွေထက် မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ချင်နေတာကြောင့် ယူနိုက်တက်က ဂတ်ပိုကို ခေါ်ယူနိုင်ဖို့ ပီအက်စ်ဗွီနဲ့ သဘောတူညီမှု ရယူနိုင်ရန်သာ လိုအပ်ပါတယ်။