ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က နာပိုလီနဲ့အတူ တောက်ပနေတဲ့ ဗဟိုနောက်ခံလူ ကင်မင်ဂျေးကို စောင့်ကြည့်ဖို့ ကင်းထောက်တွေကို စေလွှတ်ထားကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ဗဟိုခံစစ်နေရာ အတွက် ဗာရန်း ၊ မာတီနက်ဇ် ၊ မက်ဂွိုင်းယား ၊ လင်ဒီလော့ဖ် စတဲ့ ဗဟိုနောက်ခံလူတွေကို ပိုင်ဆိုင်ထားပေမယ့် မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့က လာမယ့် နွေဈေးကွက်မှာ အသင်းကို စွန့်ခွာဖို့ ရာခိုင်နှုန်း များနေတာကြောင့် သူတို့နှစ်ဦးရဲ့ နေရာကို အစားဝင်နိုင်မယ့် ဗဟိုနောက်ခံလူ တဦးကို စတင် ရှာဖွေနေပါတယ်။

Photo Credit: Team Talk

တဖက်မှာတော့ အသက် ၂၆နှစ် အရွယ် တောင်ကိုရီးယား လက်ရွေးစင် ဗဟိုနောက်ခံလူ ကင်မင်ဂျေးက ယခုနှစ် ဘောလုံးရာသီ အစကမှ ဖီနာဘာချီ ကနေ နာပိုလီထံ ပြောင်းရွှေ့ကြေး ယူရို ၁၈သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက အသင်းထံ ရောက်ရောက်ချင်းမှာပဲ ပွဲထွက်ခွင့် တနေရာစာကို အပိုင် သိမ်းနိုင်ခဲ့ပါတယ်။

ကင်မင်ဂျေးက နာပိုလီ ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့သွားခဲ့တဲ့ ကူလီဘလီရဲ့ နေရာကို ဆက်ခံရတဲ့ နောက်ခံလူ တဦး ဖြစ်တာကြောင့် အာရှသား ခံစစ်မှူး တဦးက အီတလီမြေမှာ အောင်မြင်ပါ့မလား ဆိုတဲ့ သံသယမျက်လုံးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ကင်မင်ဂျေးကတော့ အဆိုပါ သံသယမျက်လုံးတွေကို ကွင်းတွင်း ခြေစွမ်းတွေနဲ့ အကောင်းဆုံး တုံ့ပြန်သွားနိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

ကင်မင်ဂျေးက ယခုနှစ် ဘောလုံးရာသီမှာ နာပိုလီ အတွက် ပြိုင်ပွဲစုံမှာ ၃၂ပွဲ အထိ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၂ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပြီး သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၄၂သန်း ဝန်းကျင် ရှိပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ကင်မင်ဂျေးရဲ့ ခြေစွမ်းကို ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ကုန်ခါနီးထဲက အနီးကပ် စောင့်ကြည့်နေခဲ့တာ ဖြစ်သလို ယခုရက်ပိုင်း အတွင်းမှာပဲ ကင်းထောက်တွေကို စေလွှတ်ကာ ကင်မင်ဂျေးရဲ့ ခြေစွမ်းကို အကဲခတ်ခိုင်းထားပြီး နာပိုလီကတော့ ကင်မင်ဂျေးကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေကြောင်းနဲ့ စာချုပ်သစ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေးကို ပယ်ဖျက်ရန် ဆုံးဖြတ်ထားကြောင်း သိရပါတယ်။