ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်တို့က လာမယ့် နွေဈေးကွက် အတွင်းမှာ ပြင်သစ် လီဂူးဝမ်းကလပ် လိုင်လီရဲ့ အဓိက ဗဟိုနောက်ခံလူ ယိုရိုကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားကြလိမ့်မယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် ယူ-၂၁ လက်ရွေးစင် လူငယ်ခံစစ်မှူး ယိုရိုက အရည်အသွေးမြင့် ဗဟိုခံစစ်မှူး တဦး ဖြစ်ပြီး သူ့ရဲ့ ရှည်လျားလွန်းတဲ့ အရပ်အမောင်းနဲ့ လျင်မြန်မှုတို့ကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှူး ဗာရန်းနဲ့ ခိုင်းနှိုင်းခံနေရသူပါ။

Photo Credit: Team Talk

ယိုရိုက လိုင်လီရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး သူက ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှ စတင်ကာ လိုင်လီအတွက် ပါဝင် ကစားပေးခွင့် ရခဲ့သူ ဖြစ်ပြီး ၃နှစ်တာ ကာလအတွင်းမှာ လိုင်လီအတွက် ပြိုင်ပွဲစုံမှာ ၄၃ပွဲ အထိ ပါဝင် ကစားပေးထားပါတယ်။

ယိုရိုက ဆယ်ကျော်သက် အရွယ်သာ ရှိသေးပေမယ့် ယခုနှစ်ရာသီမှာ လိုင်လီရဲ့ ခံစစ်ကြောင်းကို အဓိက ဦးဆောင်နေသူ ဖြစ်ပြီး သူ့ရဲ့ အရပ်အမောင်း ၊ လျင်မြန်မှု ၊ ခေါင်းဆောင်နိုင်စွမ်းနဲ့ အလားအလာကောင်းတွေကြောင့် အနာဂတ်မှာ ပြင်သစ်အတွက် အားကိုးရမယ့် ဗဟိုခံစစ်မှူး ဖြစ်လာမယ့်သူ အဖြစ် တင်စားခံထားရပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ဥရောပ ထိပ်သီးအသင်းတွေက ယိုရိုကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ် နှစ်သင်းကတော့ ယိုရိုကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး အသင်းတွေပဲ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ယိုရိုကို သူတို့ရဲ့ အဓိကပစ်မှတ် စာရင်းထဲ ထည့်သွင်းထားသလို ရီးရဲလ်မက်ဒရစ်ကလည်း ယိုရိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် လာမယ့် နွေဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့က ယိုရိုကို ခေါ်ယူနိုင်ဖို့ အပြိုင် ကြိုးစားဖွယ် ရှိနေကြောင်း သိရပါတယ်။