မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကွင်းလယ်ပိုင်း အင်အား ဖြည့်တင်းဖို့အတွက် ရီးယဲလ် ဘက်တစ်အသင်းရဲ့ ကွင်းလယ်လူ ဂွီဒို ရိုဒရီဂွက်ဇ်ကို ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်ကစားသမားဖြစ်သူ ကက်စီမဲရိုးဟာ ဒဏ်ရာ ပြသာနာကြောင့် ၂၀၂၄ခုနှစ်အထိ အနားယူရဖွယ် ရှိနေသလို အသစ် ခေါ်ယူထားတဲ့ မေဆန်မောင့်ကလည်း အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေတာကြောင့် ဂွီဒို ရိုဒရီဂွက်ဇ်ကို ယူနိုက်တက်က မျက်စိကျလာခဲ့တယ်လို့ Estadio Deportivo က ဖော်ပြလာပါတယ်။
Photo Credit : TEAMtalk
အသက် (၂၉)နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူ ဂွီဒို ရိုဒရီဂွက်ဇ်ဟာ ၂၀၁၉ခုနှစ်ကတည်းက ဘက်တစ်အသင်းဆီ ရောက်ရှိနေတာဖြစ်ပြီး အတွေ့အကြုံရင့် ကွင်းလယ်ခံစစ် ကစားသမား holding midfielder တစ်ဦးလည်း ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခဲ့သူဖြစ်တဲ့ ဂွီဒို ရိုဒရီဂွက်ဇ်ဟာ လာမယ့် ၂၀၂၄ ဇွန်လမှာပဲ ဘက်တစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ ယူနိုက်တက်က သူ့ကို cut-price တန်ကြေးနဲ့ ခေါ်ယူသွားချင်နေပြီး အသင်း ကွင်းလယ်ကိုလည်း အားဖြည့်သွားချင်နေပါတယ်။
Photo Credit : Goal
ဒီရာသီ ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ ပုံမှန် ခြေစွမ်းပြသနေတဲ့ ကစားသမားက ရှားပါးလို့နေပြီး အဲရစ်ဆင်လောက်ပဲ အသင်းအတွက် အကျိုးပြုနေပြီး ကက်စီမဲရိုးက ခြေစွမ်းကျလာသလို အခုလည်း တံကောက်ကြော ဒဏ်ရာကြောင့် ရက်သတ္တပတ်များစွာ အနားယူရနိုင်ပါတယ်။
ဒီနွေမှ အသင်းကို ရောက်ရှိလာတဲ့ အမ်မရာဘတ် နဲ့ မေဆန်မောင့်တို့ဟာလည်း အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသဖို့ ရုန်းကန်နေရသလို တွမ်မီနေးကလည်း ကောင်းတဲ့ပွဲထက် ပျောက်နေတဲ့ ပွဲက ပိုများနေလို့ အခုလို ဂွီဒို ရိုဒရီဂွက်ဇ်ကို ခေါ်ယူဖို့ ချိန်ရွယ်လာခဲ့တာပဲ ဖြစ်ပါတယ်။