မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်း လိုအပ်ချက်များကြောင့် ဘာစီလိုနာ ကစားသမားဟောင်း လက်ရှိ အက်စပန်ညိုအသင်းမှာ ပါဝင်ကစားနေရတဲ့ ဒိန်းမတ် တိုက်စစ်မှူး မာတင် ဘရေ့ဝိတ်ကို မဖြစ်မနေ ခေါ်ယူသွားရနိုင်ဖွယ် ရှိနေတယ်လို့ စပိန်အခြေစိုက် သတင်းမီဒီယာတွေက ဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီနွေမှာ အတ္တလန်တာရဲ့ ဒိန်းမတ် တိုက်စစ်မှူးလေး ဟွိုင်လန်းကို ခေါ်ယူခဲ့ပေမယ့် ဟွိုင်လန်းက ယူနိုက်တက်မှာ သွင်းဂိုးတွေ သိပ်မသွင်းယူနိုင်ပဲ ရုန်းကန်နေရသလို နောက်ထပ် တိုက်စစ်မှူး မာရှယ်ဟာလည်း ဒဏ်ရာပြသာနာတွေနဲ့သာ တိုင်ပတ်နေရပါတယ်။

Photo Credit : Goal

ဒီလို အခြေအနေမှာ ယူနိုက်တက်အနေနဲ့ တိုက်စစ်ပိုင်း အားဖြည့်ဖို့ လိုအပ်နေပေမယ့်လည်း အသင်းက FFP စည်းမျဉ်းတွေကြောင့် ကစားသမားသစ် ခေါ်ယူဖို့က လုံးဝ မလွယ်ကူနိုင်ပဲ ဖြစ်နေရာ ပြောင်းရွှေ့ကြေး အနည်းငယ်လောက်နဲ့ ခေါ်ယူလို့ရနိုင်မယ့် option ကိုသာ စဉ်းစားရဖွယ် ရှိနေပါတယ်။

လက်ရှိမှာတော့ ယူနိုက်တက်ဟာ ဘာစီလိုနာအသင်းမှာ ပါဝင်ကစားခဲ့ဖူးပြီး လက်ရှိ ဆီဂန်ဒါကလပ် အက်စပန်ညို တိုက်စစ်မှူး ဘရေ့ဝိတ်ကို မဖြစ်မနေ ခေါ်ယူသွားဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ဘရေ့ဝိတ်နဲ့ ယူနိုက်တက်တို့ရဲ့ အပြောင်းအရွှေ့ ကောလဟာလတွေ စတင် ထွက်ပေါ်လာခဲ့ပြီး အခုဆိုရင် ဆောင်းဈေးကွက်ကလည်း ပိတ်ခါနီးပြီဖြစ်လို့ ယူနိုက်တက်အနေနဲ့ ဘရေ့ဝိတ်ကိုပဲ ခေါ်ယူသွားရနိုင်ပါတယ်။

Photo Credit : El 100

အသက် (၃၂)နှစ်အရွယ် ဝါရင့် တိုက်စစ်မှူးကြီး ဘရေ့ဝိတ်က မစ်ဒယ်ဘရော့အသင်းနဲ့အတူ ချန်ပီယံရှစ်မှာ ပါဝင်ကစားခဲ့ဖူးသလို ဘာစီလိုနာဆီကိုလည်း အရေးပေါ် ကစားသမား ခေါ်ယူမှုအဖြစ် ရောက်ရှိခဲ့ဖူးသေးပြီး (၂)နှစ်အတွင်း ပြိုင်ပွဲစုံ (၅၈)ပွဲကစားခဲ့ရင်း (၁၀)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒီရာသီမှာလည်း အက်စပန်ညိုအတွက် (၁၂)ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တဲ့ ဘရေ့ဝိတ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် (၅.၉)သန်းသာ ရှိနေတဲ့အတွက် တိုက်စစ်မှူး မဖြစ်မနေ ယူနိုက်တက်အနေနဲ့ တန်ကြေးသက်သာတဲ့ ဘရေ့ဝိတ်လို ကစားသမားမျိုးကို ကာလတို ခေါ်ယူသွားရနိုင်ဖွယ် ရှိနေပါတယ်။