ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ နွေရာသီ နံပါတ်တစ် ပစ်မှတ် ကစားသမား ဖြစ်တဲ့ ချယ်လ်ဆီးကွင်းလယ်လူ မေဆန်မောင့်အတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှု ထပ်လုပ်တော့မယ်လို့ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ အင်္ဂလန် ကွင်းလယ်ကြယ်ပွင့် မေဆန်မောင့်ကို အမိအရ ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး မေဆန်မောင့်ကလည်း ချယ်လ်ဆီးမှာ မနေချင်တော့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားပါတယ်။

Photo Credit: Football Transfer

လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်က မေဆန်မောင့်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားတာကြောင့် ချယ်လ်ဆီးနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ရင် မေဆန်မောင့်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်က မေဆန်မောင့်အတွက် ပထမဦးဆုံး ကမ်းလှမ်းမှု အဖြစ် ပေါင် ၄၀သန်းနဲ့ စတင် ကမ်းလှမ်းခဲ့ပေမယ့် ချယ်လ်ဆီးဘက်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ချက်ချင်း ပယ်ချခဲ့ပြီး မေဆန်မောင့် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၀သန်း အထိ လိုချင်ကြောင်း ပြန်လည် အသိပေးခဲ့ပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက်တွေ ဖြစ်တဲ့ ဖာဘရီဇီယို ရိုမာနိုနဲ့ ဒေးဗစ် အွန်စတိန်းတို့ရဲ့ ဖော်ပြချက်တွေအရ မန်ချက်စတာ ယူနိုက်တက်က ယနေ့မှာပဲ မေဆန်မောင့် အတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှုကို ပြုလုပ်ဖွယ် ရှိနေပြီး ယူနိုက်တက်ရဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှုက ပေါင် ၅၀သန်း ဝန်းကျင် တန်ကြေး ရှိကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းထောက် ရော့ဘ်ဆန် ဟားဝုဒ်ကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှုက ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၄၅သန်း + အပိုဆုကြေး ပေါင် ၅သန်းနဲ့ ဖြစ်လိမ့်မယ်လို့ ဆိုထားပါတယ်။