ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ပြည်တွင်းပြိုင်ဘက် ဘန်လေနဲ့ တံခါးပိတ် ခြေစမ်းပွဲ ကစားခဲ့ရာ ရှုံးပွဲ ကြုံခဲ့ရကြောင်း သိရှိရပါတယ်။

နယ်သာလန် ထိပ်သီးနည်းပြ တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ဒီရာသီမှာ ရလဒ်တွေ အတော်လေး ဆိုးဝါးနေပြီး နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ပွဲမှာ ၃ပွဲသာ အနိုင်ရထားသလို ၂ပွဲ သရေကျကာ ၅ပွဲ အထိ ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက်က ၂၀၂၄ အစမှာ ရလဒ်တွေ ဆိုးခဲ့တာကြောင့် စပါးနဲ့ ပွဲအပြီးမှာ ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်က အသင်းရဲ့ ကစားသမားတွေကို အားလပ်ရက် အနည်းငယ် ပေးကာ အပန်းဖြေစေခဲ့ပြီး မကြာသေးမီ ရက်ပိုင်းကမှ လေ့ကျင့်ခန်းတွေ ပြန်လည် လုပ်ဆောင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ၁ပတ်ကျော် ပွဲဝေးနေခဲ့တာကြောင့် တန်ဟက်ဂ်က သူ့ကစားသမားတွေရဲ့ ကြံ့ခိုင်မှု မလျော့ကျသွားစေဖို့ ပြည်တွင်းပြိုင်ဘက် ဘန်လေနဲ့ တံခါးပိတ် ခြေစမ်းပွဲ တပွဲ ကစားဖို့ စီစဉ်ခဲ့ပြီး ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကတော့ ယူနိုက်တက်ဟာ အဆိုပါ ခြေစမ်းပွဲမှာ ဘန်လေကို ရှုံးခဲ့ကြောင်း ဖော်ပြနေကြပါတယ်။

Photo Credit: Manchester United

မန်ချက်စတာ ယူနိုက်တက်နဲ့ ဘန်လေတို့ရဲ့ တံခါးပိတ် ခြေစမ်းပွဲမှာ ဘယ်ကစားသမားတွေ ပါဝင် ကစားခဲ့လဲ ဆိုတာ မသိရသလို ဘယ်လိုရလဒ်မျိုးနဲ့ ပွဲပြီးသွားလဲ ဆိုတာ မသိရသေးပေမယ့် ယူနိုက်တက်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် Fredirk A. Filtvedtရဲ့ အဆိုအရ ယူနိုက်တက်ဟာ ခြေစမ်းပွဲမှာ ကစားပုံ မကောင်းခဲ့သလို ရှုံးပွဲနဲ့ ကြုံခဲ့ရကြောင်း သိရှိရပါတယ်။

လက်ရှိမှာ ဘန်လေက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်(၁၉) အထိ ရောက်နေတဲ့ အသင်း ဖြစ်တာကြောင့် တံခါးပိတ် ခြေစမ်းပွဲ အပြီးမှာ ယူနိုက်တက်က ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ယခင်ထက် ပိုမို ကြိုးစား လေ့ကျင့်ရဦးမယ် ဆိုတာ အတိုင်းသား ပေါ်လွင်ခဲ့ပြီး ယူနိုက်တက်က လာမယ့် ၂၈ရက်နေ့မှာတော့ လိဂ်-၂ကလပ် နယူးပို့တ်နဲ့ အက်ဖ်အေပွဲ ကစားရဖို့ ရှိနေပါတယ်။