ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ဘုန်းမောက် ၊ လူတန်တောင်း စတဲ့ အသင်း​တွေရဲ့ ပစ်မှတ် ကစားသမား ဖြစ်သူ အီကွေဒေါ လူငယ်ကြယ်ပွင့် ဇမ်ဘရာနိုကို ကြားဖြတ် ခေါ်ယူဖို့ စဉ်းစားနေကြောင်း တောင်အမေရိက အခြေစိုက် သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အီကွေဒေါ ယူ-၂၁ လက်ရွေးစင် ဇမ်ဘရာနိုက အီကွေဒေါကလပ် ကွီတိုမှာ ကစားနေသူ ဖြစ်ပြီး သူက ကွင်းလယ်ခံစစ် နေရာမှာ အဓိက ကစားလေ့ ရှိကာ လိုအပ်ရင် ဗဟိုကွင်းလယ်မှာလည်း ကစားနိုင်ပါတယ်။

Photo Credit: Football Transfer

ဇမ်ဘရာနိုက ချယ်လ်ဆီးကြယ်ပွင့် ကိုင်စီဒိုနဲ့ ကစားပေါက် ဆင်သူ ဖြစ်ပြီး လျင်မြန်သလို ကြံ့ခိုင်မှုကောင်းကာ ဘောလုံးပေးပို့ရာမှာ ထူးချွန်တဲ့ လူငယ်ကြယ်ပွင့်ပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်ကြတဲ့ ဘုန်းမောက်နဲ့ လူတန်တောင်းတို့က ဇမ်ဘရာနိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပြီး ဘုန်းမောက်က ဇမ်ဘရာနို အတွက် ပထမဦးဆုံး တရားဝင် ကမ်းလှမ်းမှု လုပ်ဖို့ပါ ပြင်ဆင်ပြီးပါပြီ။

Photo Credit: The Sun

နာမည်ကြီး အီကွေဒေါ အားကစားကလောင်ရှင် လိုပက်ဇ် ကာစတီလိုရဲ့ ဖော်ပြချက်အရ ဘုန်းမောက်နဲ့ နောက်ထပ် ပရီးမီးယားလိဂ်ရဲ့ အသင်းငယ် တသင်းက (လူတန်တောင်း ဖြစ်ဖို့ များပါတယ်) မကြာခင်မှာ ဇမ်ဘရာနို အတွက် တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ဖို့ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်က ဇမ်ဘရာနိုကို ကြားဖြတ် ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း သိရပါတယ်။

အီကွေဒေါ နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ Diario Ole Ecuadorကလည်း မန်ချက်စတာ ယူနိုက်တက်ဟာ ဇမ်ဘရာနိုကို စိတ်ဝင်စားနေကြောင်းအား ထပ်ဆင့် အတည်ပြု ပေးထားသလို ကနဦးမှာ ဇမ်ဘရာနိုက ဘုန်းမောက််နဲ့ လူတန်တောင်း နှစ်သင်းထဲက တသင်းဆီ ပြောင်းဖို့ စိတ်ကူးခဲ့ပေမယ့် ယူနိုက်တက်က သူ့ကို စိတ်ဝင်စားလာတဲ့ အတွက် ဆွေးနွေးမှုတွေ အားလုံးကို ရပ်ဆိုင်းထားကာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်နေကြောင်း ထပ်ဆင့် ဖော်ပြထားပါတယ်။