ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ပြိုင်ဘက် အာဆင်နယ်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေတဲ့ ဘယ်လ်ဂျီယံ လူငယ်ကြယ်ပွင့် ဗာမီရန်းကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ပူပူနွေးနွေး ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ ဗာမီရန်းက ဘယ်လ်ဂျီယံကလပ် ရိုင်ယယ် အန့်ဝပ်ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား ဖြစ်ပြီး သူက လက်ရှိမှာ ရိုင်ယယ် အန့်ဝပ်ရဲ့ မရှိမဖြစ် ကွင်းလယ်လူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားပါတယ်။

Photo Credit: Football 365

ဗာမီရန်းက ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ အဓိက ကစားလေ့ရှိသူ ဖြစ်ပြီး သူက ရိုင်ယယ် အန့်ဝပ်အတွက် ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပွဲ ၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ခြေစစ်ပွဲအဆင့်မှာလည်း ၂ပွဲ ပါဝင် ကစားခဲ့ရာ ဂိုးဖန်တီးမှု ၁ကြိမ် ရရှိခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပရီးမီးယားလိဂ် ထိပ်သီးကလပ် အာဆင်နယ် အပါအဝင် ဥရောပ နာမည်ကြီးကလပ်တွေက ဗာမီရန်းရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ်ထားကြပြီး မန်ချက်စတာ ယူနိုက်တက်ကလည်း ဗာမီရန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲ ပါဝင်လာပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က အာဆင်နယ်နဲ့အပြိုင် ဗာမီရန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဗာမီရန်းနဲ့ နီးစပ်သူတွေကို ဆက်သွယ်ကာ အပြောင်းအရွှေ့ အတွက် စုံစမ်းမှု တချို့ပါ လုပ်ထားကြောင်း သိရပါတယ်။

ရိုင်ယယ် အန့်ဝပ်ကတော့ သူတို့ရဲ့ လူငယ်ကြယ်ပွင့် ဗာမီရန်းကို ယခု ဆောင်းဈေးကွက်မှာ လက်မလွှတ်ချင်သေးတာကြောင့် ရာသီကုန်မှသာ ရောင်းချဖို့ စဉ်းစားထားပြီး အန့်ဝပ်က ဗာမီရန်းရဲ့ တန်ကြေးကို ယူရို ၃၀သန်းကျော် သတ်မှတ်ထားပါတယ်။