ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ နွေရာသီ နံပါတ်တစ် ပစ်မှတ် ဘာစီလိုနာကြယ်ပွင့် ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူပြီးရင် လက်စတာ စီးတီးရဲ့ ကွင်းလယ်လူ တိုင်လီမန်းကို ခေါ်ယူဖို့ ကြိုးစားရန် စီစဉ်ထားကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

နယ်သာလန် ထိပ်တန်းနည်းပြ အဲရစ် တန်ဟက်ဂ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ထားတဲ့ မန်ချက်စတာ ယူနိုက်တက်က ကွင်းလယ်လူတွေ ဖြစ်တဲ့ ပေါ့ဘာ ၊ မာတစ်နဲ့ မာတာတို့ကို ဆုံးရှုံးထားရတာကြောင့် ယခု နွေဈေးကွက် အတွင်းမှာ ကွင်းလယ်လူသစ် ၂ဦးကို ခေါ်ယူဖို့ စီစဉ်ထားပြီး ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။

 

Photo Credit: Team Talk

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဖရန်ကီ ဒီဂျောင်ကို ယခုလအကုန်မှာပဲ အမိအရ ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းနေသလို နောက်ထပ် ကွင်းလယ် တနေရာစာ အတွက် လက်စတာ စီးတီးနဲ့ စာချုပ်သစ် မချုပ်ဖို့ ဆုံးဖြတ်ထားတဲ့ ကွင်းလယ်လူ တိုင်လီမန်းကို ခေါ်ယူဖို့ စတင် စီစဉ်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Times သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်ကို ခေါ်ယူနိုင်ခဲ့ပြီးရင် တိုင်လီမန်းကို ဆက်လက် ခေါ်ယူဖို့ စဉ်းစားနေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ခံ တချို့ဟာ တိုင်လီမန်းထံ ဆက်သွယ်မှု တချို့ပါ ပြုလုပ်နေကြောင်း သိရပါတယ်။

Photo Credit: Team Talk

အသက် ၂၅နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ တိုင်လီမန်းက လက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သလို လက်စတာနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့လည်း ငြင်းဆန်ထားတာကြောင့် လက်စတာက သူ့ကို ယခု နွေဈေးကွက် အတွင်းမှာပဲ ရောင်းချဖို့ ဆုံးဖြတ်ထားပြီး လက်စတာဘက်က တိုင်လီမန်း အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် လိုချင်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်က တိုင်လီမန်းကို ခေါ်ယူနိုင်ဖို့ ဆိုရင် အာဆင်နယ် ၊ လီဗာပူး စတဲ့ ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတွေနဲ့ ယှဉ်ပြိုင် ရဖို့ ရှိနေပါတယ်။