ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ခံစစ်ကြောင်း အတွက် အင်အားဖြည့်တင်းမှု တရပ် အဖြစ် စပို့တင်း လစ္စဘွန်းရဲ့ အဓိက ဗဟိုခံစစ်မှူး အင်နာစီယိုကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဗာရန်း ၊ မာတီနက်ဇ် ၊ လင်ဒီလော့ဖ် ၊ မက်ဂွိုင်းယား စတဲ့ ဗဟိုခံစစ်မှူး ၄ဦးကို ပိုင်ဆိုင်ထားပေမယ့် မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ နှစ်ဦးထဲက တဦးကို လာမယ့် နွေဈေးကွက် အတွင်းမှာ ရောင်းချဖို့ ဆုံးဖြတ်ထားသလို ဗာရန်းကလည်း အသက်အရွယ် ရလာတာကြောင့် အသင်းအတွက် ရေရှည် အားကိုးရမယ့် ဗဟိုခံစစ်မှူး တဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

Photo Credit: Mirror

တဖက်မှာတော့ စပို့တင်း လစ္စဘွန်းရဲ့ အဓိက ဗဟိုနောက်ခံလူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အင်နာစီယိုက အသက် ၂၁နှစ် အရွယ်သာ ရှိသေးသလို အင်နာစီယိုဟာ အရပ်အမောင်း မြင့်မားကာ ဘောလုံးကိုင် ကစားရာမှာ ထူးချွန်တဲ့ ဘယ်ခြေအားသန် ဗဟိုခံစစ်မှူးပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က သူ့အသင်း အတွက် ဗဟိုခံစစ်မှူးအသစ်ကို ဝယ်ယူရာမှာ ဘယ်ခြေအားသန် ဗဟိုခံစစ်မှူးကိုသာ ခေါ်ချင်နေတာကြောင့် အင်နာစီယိုဟာ တန်ဟက်ဂ်ရဲ့ အကြိုက်နဲ့ ကိုက်ညီတဲ့ ဗဟိုခံစစ်မှူး တဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေကလည်း စပို့တင်း လစ္စဘွန်း ကနေ သူတို့အသင်းဆီ ရောက်လာတဲ့ ကစားသမားတိုင်းဟာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် အင်နာစီယိုကို သဘောကျနေကြပါတယ်။

Photo Credit: Metro

နာမည်ကြီး ပေါ်တူဂီ အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ O jogoရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူ တချို့က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အင်နာစီယိုရဲ့ စီးပွားရေး အကြံပေး ဖြစ်သူ မီဂွယ် ပင်ဟိုနဲ့ တွေ့ဆုံကာ အင်နာစီယိုရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

စပို့တင်း လစ္စဘွန်းကတော့ သူတို့အသင်းရဲ့ အဓိက ဗဟိုခံစစ်မှူး အင်နာစီယို အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် အလိုရှိနေပြီး အင်နာစီယိုကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း စပို့တင်း လစ္စဘွန်းနဲ့ နီးစပ်သူ တချို့က ဆိုထားပါတယ်။