ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေဈေးကွက်မှာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ စဉ်းစားထားရာ ရိုးမားနဲ့အတူ တောက်ပနေတဲ့ အာဂျင်တီးနား ကြယ်ပွင့် တိုက်စစ်မှူး ဒိုင်ဘာလာကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က တိုက်စစ်ပိုင်းမှာ မာရှယ် ၊ ရက်ဖို့ဒ်နဲ့ ဗက်ဟို့စ် (အငှား) စတဲ့ တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် မာရှယ်က ဒဏ်ရာလူသား ဖြစ်နေသလို ဗက်ဟို့စ်ရဲ့ ခြေစွမ်းပိုင်းကလည်း ယုံကြည်လို့ မရပဲ ရက်ဖို့ဒ်ဟာ အထောင်တိုက်စစ်ထက် တောင်ပံတိုက်စစ် နေရာမှာသာ ကစားဖို့ စိတ်အားထက်သန်နေတာကြောင့် လာမယ့် နွေဈေးကွက်မှာ တိုက်စစ်ပိုင်းကို အဓိကထား အင်အားဖြည့်တင်းဖို့ စဉ်းစားထားပါတယ်။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက်က ဗက်ဟို့စ်ကို အပြီးသတ် မခေါ်ယူဖို့ စဉ်းစားထားသလို ဒဏ်ရာလူသား ဖြစ်နေတဲ့ မာရှယ်အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရလာရင် မာရှယ်ကို ရောင်းချဖို့ ဆုံးဖြတ်ထားတာကြောင့် ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦးနဲ့ အရန် တိုက်စစ်မှူး တဦးကို ခေါ်ယူဖွယ် ရှိနေပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ တိုက်စစ်ပိုင်း အတွက် ဟယ်ရီကိန်း ၊ အိုဆီမန် ၊ ဗလာဟိုဗစ် စတဲ့ ထိပ်တန်း တိုက်စစ်မှူးတွေကို ခေါ်ယူဖို့ စီစဉ်ထားသလို အရန် တိုက်စစ်မှူးနေရာ အတွက် တန်ဖိုးနည်း တိုက်စစ်မှူးတွေကိုပါ ရှာဖွေနေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ် စာရင်းထဲမှာ ရိုးမားနဲ့ တောက်ပနေတဲ့ ဒိုင်ဘာလာလည်း ပါဝင်နေပါတယ်။

Photo Credit: Goal

အသက် ၂၉နှစ် အရွယ် အာဂျင်တီးနား တိုက်စစ်မှူး ဒိုင်ဘာလာက ယခုနှစ် ဘောလုံးရာသီ အစကမှ ဂျူဗင်တပ် ကနေ ရိုးမားထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက ရိုးမားရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ ကစားထားနိုင်ကာ ရိုးမားအတွက် ပြိုင်ပွဲစုံမှာ ၂၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၂ဂိုး သွင်း ၊ ၈ဂိုး ဖန်တီး ဆိုတဲ့ မှတ်တမ်းကောင်း တခုကို ပိုင်ဆိုင်ထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ရိုးမားနဲ့ ခြေစွမ်းပြနေတဲ့ ဒိုင်ဘာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဒိုင်ဘာလာရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၁၁သန်းသာ ရှိတဲ့ အချက်ဟာ မန်ချက်စတာ ယူနိုက်တက်က ဒိုင်ဘာလာကို ခေါ်ယူဖို့ စိတ်ဝင်စားရတဲ့ အဓိက အချက် ဖြစ်ကြောင်း သိရပါတယ်။