ယခုနှစ် ဘောလုံးရာသီ အစကမှ နယ်သာလန် ထိပ်သီးကလပ် အေဂျက် ကနေ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့တဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က လာမယ့် နွေဈေးကွက် အတွင်းမှာ အေဂျက်နဲ့ စာချုပ်သက်တမ်း ကုန်တော့မယ့် အေဂျက်လူငယ်ကြယ်ပွင့် ဒွန်ဂျန်ကို မန်ချက်စတာ ယူနိုက်တက်ဆီ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ နယ်သာလန် ယူ-၁၈ လက်ရွေးစင် ဒွန်ဂျန်က အေဂျက်ရဲ့ နာမည်ကျော် လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကြယ်ပွင့် တဦး ဖြစ်ပြီး ဒွန်ဂျန်ဟာ ဘယ်တောင်ပံမှာ အဓိက ကစားလေ့ ရှိပါတယ်။

Photo Credit: Express

ညာခြေအားသန် ကစားသမား တဦး ဖြစ်တဲ့ ဒွန်ဂျန်ဟာ အလိမ်အခေါက် ကောင်းသလို ဘောလုံးစွမ်းရည် ပြည့်ဝတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူဟာ ယခုနှစ် ဘောလုံးရာသီမှာ အေဂျက် ယူ-၂၁အသင်း အတွက် ၁၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒွန်ဂျန်က အေဂျက် ယူ-၂၁အသင်းရဲ့ အဓိက ကစားသမား တဦး ဖြစ်တာကြောင့် အေဂျက်က သူ့ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အပတ်တကုတ် ကြိုးစားနေပေမယ့် စာချုပ်သစ် အတွက် ဒွန်ဂျန်နဲ့ သဘောတူညီမှု မရသေးပဲ ဒွန်ဂျန်နဲ့ အေဂျက်ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Express

လက်ရှိမှာတော့ ဥရောပရဲ့ နာမည်ကြီးအသင်း အများစုက ဒွန်ဂျန်နဲ့ အေဂျက်ရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး အေဂျက်ရဲ့ နည်းပြဟောင်း ဖြစ်သလို ဒွန်ဂျန်ရဲ့ ခြေစွမ်းကို အနီးကပ် စောင့်ကြည့်ဖူးတဲ့ အဲရစ် တန်ဟက်ဂ်ကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ ဒွန်ဂျန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အဲရစ် တန်ဟက်ဂ်က ဒွန်ဂျန်ရဲ့ ခြေစွမ်းခြေစနဲ့ အနာဂတ် အလားအလာကို သဘောကျတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေထံ ဒွန်ဂျန်ရဲ့ အကြောင်းကို ပြောပြထားပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်ကြယ်ပွင့် စုဆောင်းရေး အတွက် တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေကလည်း ဒွန်ဂျန်ကို ယူနိုက်တက်ဆီ ခေါ်ယူဖို့ စိတ်ဝင်စားနေကြကြောင်း သိရပါတယ်။