ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် အင်အားဖြည့်တင်းမှု အဖြစ် ဘရိုက်တန်ရဲ့ ကွင်းလယ်အတွဲ ဖြစ်တဲ့ ကိုင်စီဒိုနဲ့ အယ်လစ္စတာတို့ နှစ်ဦးစလုံးကို တပြိုင်နက်ထဲ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ကတ်စ်မဲရိုး ၊ အဲရစ်ဆင် ၊ ဘရူနို ဖာနန်ဒက်စ် ၊ တော်မီနေး ၊ ဖရက်ဒ် ၊ ဗန်ဒီဘိခ် ၊ ဆာဘစ်ဇာ (အငှား) စတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပေမယ့် ဆာဘစ်ဇာရဲ့ အနာဂတ်က မကျိန်းသေသေးသလို တော်မီနေးနဲ့ ဗန်ဒီဘိခ်တို့က လာမယ့် နွေဈေးကွက်မှာ အသင်းကို စွန့်ခွာဖို့ ရာခိုင်နှုန်း များနေပါတယ်။

Photo Credit: Tribuna

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် လာမယ့် နွေဈေးကွက်ထဲမှာ အနိမ့်ဆုံး ကွင်းလယ်လူ တဦး ကနေ အမြင့်ဆုံး ကွင်းလယ်လူ နှစ်ဦး အထိ ခေါ်ယူဖို့ စီစဉ်ထားပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက သူတို့အသင်း အတွက် သင့်တော်မယ့် ကွင်းလယ်လူတွေကို စတင် ရှာဖွေနေပါပြီ။

တဖက်မှာတော့ ဘရိုက်တန်ရဲ့ ကွင်းလယ်လူတွေ ဖြစ်တဲ့ ကိုင်စီဒိုနဲ့ အယ်လစ္စတာတို့က ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ အသီးသီး ပြသထားနိုင်ကြပြီး ကိုင်စီဒိုက ကွင်းလယ်ခံစစ်နဲ့ ဗဟိုကွင်းလယ်နေရာမှာ အဓိက ကစားလေ့ ရှိကာ အယ်လစ္စတာကတော့ ကွင်းလယ်တိုက်စစ်နဲ့ ဗဟိုကွင်းလယ်တွေမှာ အဓိက ကစားတတ်ပါတယ်။

Photo Credit: Tribuna

ကိုင်စီဒိုနဲ့ အယ်လစ္စတာတို့က ဘရိုက်တန်ရဲ့ ကွင်းလယ်မှာ အကောင်းဆုံး တွဲဖက် ကစားနေသူတွေ ဖြစ်ကြသလို နှစ်ဦးစလုံးက လာမယ့် နွေဈေးကွက်မှာ ဘရိုက်တန်ကနေ ထွက်ခွာဖို့ စဉ်းစားထားကြကာ ဘရိုက်တန်ကတော့ ကိုင်စီဒို အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း ဝန်းကျင်နဲ့ အယ်လစ္စတာ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း ဝန်းကျင် အထိ လိုချင်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ပစ်မှတ် ကွင်းလယ်လူ စာရင်းထဲမှာ ကိုင်စီဒိုနဲ့ အယ်လစ္စတာတို့ နှစ်ဦးစလုံးကို ထည့်သွင်းထားသလို ဖြစ်နိုင်ရင် နှစ်ဦးစလုံးကို တပြိုင်နက်ထဲ ခေါ်ယူဖို့ပါ စီစဉ်နေကြောင်း သိရပါတယ်။