ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု တတိယပွဲစဉ်မှာ ဧည့်သည် ကိုပင်ဟေဂင်ကို နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားရဲ့ တလုံးထဲသော သွင်းဂိုးနဲ့ အနိုင်ရရှိကာ အဖိုးတန် ရမှတ် ၃မှတ်ကို အပိုင် သိမ်းနိုင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ချန်ပီယံလိဂ် အဖွင့်ပွဲ ၂ပွဲမှာ ဘိုင်ယန်မြူးနစ် ၊ ဂါလာတာစာရေး စတဲ့ အသင်းတွေကို ဆက်တိုက် ရှုံးနိမ့်ထားတာကြောင့် အုပ်စုအဆင့်ကို ကျော်လွန်နိုင်ဖို့ ကိုပင်ဟေဂင်ကို မဖြစ်မနေ အနိုင် ကစားဖို့ လိုအပ်ခဲ့ပြီး နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားနဲ့ ဂိုးသမား အိုနာနာတို့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် လိုချင်တဲ့ အနိုင်ရလဒ်ကို ရအောင် ယူနိုင်ခဲ့ပါတယ်။

Photo Credit: Football 365

မန်ချက်စတာ ယူနိုက်တက်နဲ့ ကိုပင်ဟေဂင်တို့ရဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်က အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့သလို ဧည့်သည် ကိုပင်ဟေဂင်ကလည်း သူတို့ရဲ့ အကောင်းဆုံး ကစားသမားတွေကို ထုတ်သုံးကာ ယူနိုက်တက်ကို ရင်ဆိုင် ကစားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အိမ်ရှင်ဖြစ်သလို အသင်းကြီးလည်း ဖြစ်ပေမယ့် ကိုပင်ဟေဂင်ကို ထင်ထားသလို ဖိအားပေး ကစားနိုင်ခဲ့ခြင်း မရှိသလို ပထမပိုင်းမှာ ဧည့်သည် ကိုပင်ဟေဂင်ကတောင် မန်ချက်စတာ ယူနိုက်တက်ဘက်ကို တန်ပြန် တိုက်စစ်ဆင်မှုတွေ လုပ်ဆောင်ကာ သွင်းဂိုးတွေ ရယူနိုင်ဖို့ နီးစပ်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းကို ဦးဆောင်နေတဲ့ ဟယ်ရီ မက်ဂွိုင်းယားနဲ့ အန်ဒရေ အိုနာနာတို့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် ကိုပင်ဟေဂင်ရဲ့ တိုက်စစ်မှူးတွေဟာ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ပွဲချိန် ၇၂မိနစ်မှာလည်း မက်ဂွိုင်းယားက အဲရစ်ဆင်ရဲ့ ဖြတ်တင်ဘောကို အကောင်းဆုံး ခေါင်းတိုက် အဆုံးသတ်ကာ မန်ချက်စတာ ယူနိုက်တက် အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါသေးတယ်။

ဒါ့အပြင် ဝေဖန်မှုတွေ ခံနေရတဲ့ ဂိုးသမား အိုနာနာကလည်း ပွဲကစားချိန် နောက်ဆုံးမိနစ်မှာ ခွင့်ပြုပေးခဲ့ရတဲ့ ပင်နယ်တီကို အကောင်းဆုံး လက်စွမ်းပြ ကာကွယ်ပေးရင်း ယူနိုက်တက်ရဲ့ အဖိုးတန် နိုင်ပွဲကို ကာကွယ်ပေးခဲ့ပါတယ်။ မက်ဂွိုင်းယားနဲ့ အိုနာနာတို့က ဒီရာသီမှာ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရသူတွေ ဖြစ်ပေမယ့် သူတို့ရဲ့ အရည်အချင်း ၊ အတွေ့အကြုံတွေနဲ့ ယူနိုက်တက်ကို ကယ်တင်ပေးခဲ့ကြပြီး ယူနိုက်တက်ရဲ့ ပရိသတ်တွေကတော့ မက်ဂွိုင်းယားနဲ့ အိုနာနာတို့ ပြန်လာပြီလို့ ကြွေးကြော်နေကြပါတယ်။