ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ သူတို့အသင်းကနေ လာလီဂါကလပ် ဂီတာဖေးဆီ အငှားနဲ့ သွားကစားနေရင်း ခြေစွမ်းကောင်းတွေ ပြသထားတဲ့ တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကို ရာသီကုန်ချိန်မှာ အသင်းဆီ ပြန်ခေါ်မယ့်အစား အပြီးသတ် ရောင်းချဖို့သာ စဉ်းစားထားကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် အင်္ဂလန်-ဂျမေကာ တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက်ရဲ့ အနာဂတ် ဖြစ်လာလိမ့်မယ်လို့ တင်စားခံခဲ့ရပေမယ့် ကွင်းပြင်ပ လူမှုရေး အရှုပ်အရှင်းတွေကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ ဝေးရာကို ထွက်ခွာခဲ့ရသူပါ။

Photo Credit: Goal

မေဆန် ဂရင်းဝုဒ်က ဘယ်ခြေ ၊ ညာခြေ နှစ်ဖက်စလုံးကို ကောင်းကောင်း သုံးနိုင်သလို နည်းစနစ်ပိုင်း ကြွယ်ဝတဲ့ အရည်အသွေးမြင့် တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် အတူနေချစ်သူ ရော့ဘ်ဆန်အပေါ် ရန်ဖြစ်ရင်း လက်ပါမိခဲ့တာကြောင့် အိမ်တွင်းအကြမ်းဖက်မှုနဲ့ တရားစွဲခံခဲ့ရကာ ၁နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရပါတယ်။

တရားရုံးက ဂရင်းဝုဒ်မှာ အပြစ်ရှိကြောင်း သက်သေမပြနိုင်ခဲ့တာကြောင့် ဂရင်းဝုဒ်ဟာ အမှုကနေ ကွင်းလုံးကျွတ် လွတ်ခဲ့ပေမယ့် အင်္ဂလန်နိုင်ငံမှာ ရှိတဲ့ မိန်းကလေး ဘောလုံးပရိသတ် အများစုက ဂရင်းဝုဒ်ကို အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်တဲ့ကောင် ဆိုပြီး အမည်တပ် ဝေဖန်တိုက်ခိုက်နေကြသလို မန်ချက်စတာ ယူနိုက်တက်ကသာ ဂရင်းဝုဒ်ကို အသင်းမှာ ဆက်ထားနေမယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက်ကိုပါ သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်ခဲ့ကြပါတယ်။

Photo Credit: Football Transfer

မိန်းကလေး ပရိသတ်တွေရဲ့ ဖိအားပေး တောင်းဆိုမှုတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီ အစမှာ ဂရင်းဝုဒ်ကို လာလီဂါကလပ် ဂီတာဖေးဆီ ၁ရာသီ အငှားချခဲ့ပြီး ဂရင်းဝုဒ်က ဂီတာဖေးဆီ ရောက်ရှိချိန်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ကာ သူက ဂီတာဖေး အတွက် ပြိုင်ပွဲစုံမှာ ၂၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၅ကြိမ် ရရှိထားပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဂရင်းဝုဒ်ရဲ့ ကွင်းတွင်းခြေစွမ်းကို သဘောကျနေကြပေမယ့် ဂရင်းဝုဒ်ကိုသာ ပြန်ခေါ်လိုက်ရင် မိန်းကလေးပရိသတ်တွေရဲ့ ဆန့်ကျင်မှုနဲ့ ရင်ဆိုင်ရမှာ စိုးရိမ်တာကြောင့် ဂရင်းဝုဒ်ကို လာမယ့် နွေဈေးကွက်မှာ အပြီးသတ် ရောင်းချဖို့သာ စဉ်းစားထားကြောင်း သိရှိရပါတယ်။