ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် လာမယ့် ဆောင်းဈေးကွက်မှာ ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လိုက်ပ်ဇစ်ရဲ့ တိုက်စစ်မှူး တီမိုဗာနာကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ဂျာမဏီအခြေစိုက် သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဒီရာသီမှာ တိုက်စစ်ပိုင်း အတော်လေး အားနည်းနေတဲ့ အသင်း ဖြစ်ပြီး အထောင်တိုက်စစ် နေရာမှာ မာရှယ်နဲ့ ဟွိုက်လန်းတို့ နှစ်ဦးထဲသာ ပိုင်ဆိုင်ထားသလို သူတို့နှစ်ဦးကလည်း ဒီရာသီမှာ စုစုပေါင်း သွင်းဂိုး ၇ဂိုးသာ သွင်းယူထားနိုင်ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က လာမယ့် ဆောင်းဈေးကွက်မှာ အတွေ့အကြုံရင့် တိုက်စစ်မှူး ၁ဦးကို ခေါ်ယူ အားဖြည့်ဖို့ ဆန္ဒရှိနေပြီး ယူနိုက်တက်ရဲ့ ကင်းထောက်တွေကလည်း ပြောင်းရွှေ့ကြေး သက်သာမယ့် အရည်အသွေးမြင့် တိုက်စစ်မှူးတွေကို လိုက်လံ ရှာဖွေနေပါတယ်။

တဖက်မှာတော့ အသက် ၂၇နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် တိုက်စစ်မှူး တီမိုဗာနာက ဒီရာသီ လိုက်ပ်ဇစ်မှာ ပုံမှန် ကစားခွင့် ရဖို့ ရုန်းကန်နေရသူ ဖြစ်ပြီး သူက လိုက်ပ်ဇစ်အတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၃၇၀ မိနစ်သာ ပါဝင် ကစားခွင့် ရထားပါတယ်။

Photo Credit: Team Talk

နာမည်ကြီး ဂျာမဏီသတင်းထောက် ပလက်တန်ဘက်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က လာမယ့် ဆောင်းဈေးကွက်မှာ တီမိုဗာနာကို ခေါ်ယူဖို့ အတွက် စုံစမ်းမှုတွေ လုပ်ထားပြီး တီမိုဗာနာကလည်း လိုက်ပ်ဇစ်မှာ ကစားချိန်နည်းပါးနေတာကြောင့် မပျော်မရွှင် ဖြစ်နေကြောင်း သိရပါတယ်။

လိုက်ပ်ဇစ်ကတော့ တီမိုဗာနာ အပါအဝင် အထောင်တိုက်စစ်မှူး ၄ဦး အထိ ပိုင်ဆိုင်ထားတာကြောင့် သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ်သာ ရမယ် ဆိုရင် တီမိုဗာနာကို ရောင်းထုတ်နိုင်ပြီး မန်ချက်စတာ ယူနိုက်တက်က တီမိုဗာနာ အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းခန့် သုံးစွဲရနိုင်ပါတယ်။