ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အင်အားဖြည့်တင်းမှု တရပ်အနေနဲ့ ရက်ဘူးလ် ဆဲလ်ဘက်နဲ့အတူ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဆက်စ်ကိုကို ခေါ်ယူရန် အေးဂျင့်ဖြစ်သူနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဆက်စ်ကိုက အသက်အရွယ် ငယ်သေးပေမယ့် ဆလိုဗေးနီးယား လက်ရွေးစင်အသင်း အတွက် ၁၃ပွဲ အထိ ပါဝင် ကစားခွင့် ရထားပြီး သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်တဲ့ အရည်အသွေးမြင့် တိုက်စစ်မှူး တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

အရပ်အမြင့် ၆ပေ ၃လက်မ ရှိတဲ့ ဆက်စ်ကိုက အမြင့်ဘောတွေကို အပိုင်နိုင်ဆုံး အသုံးချနိုင်စွမ်း ရှိသလို သူ့ရဲ့ အဆုံးသတ် ကောင်းမွန်မှုကြောင့် ရက်ဘူးလ် ဆဲလ်ဘက်အသင်း ကနေ ထွက်ပေါ်လာကာ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်နေတဲ့ မန်ချက်စတာ စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းနဲ့ ခိုင်းနှိုင်းခံနေရသူပါ။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က ဆက်စ်ကိုကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ရှိနေပြီး ဆက်စ်ကိုရဲ့ အေးဂျင့်ဖြစ်သူနဲ့ တရားဝင် ချိတ်ဆက်မှုတွေ ပြုလုပ်ထားကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။

Photo Credit: Mirror

ဩစတီးယား အခြေစိုက် နာမည်ကြီး သတင်းဌာနတွေကလည်း ဆက်စ်ကိုရဲ့ အေးဂျင့်ဖြစ်သူဟာ လန်ဒန်မြို့ဆီ ရောက်ရှိနေကာ မန်ချက်စတာ ယူနိုက်တက် ၊ နယူးကာဆယ် စတဲ့ အသင်းတွေနဲ့ အပြောင်းအရွှေ့ ကိစ္စရပ်တွေကို ဆွေးနွေးနေပြီး ကစားသမားကတော့ နယူးကာဆယ်ထက် မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့လိုနေကြောင်း အသီးသီး ဖော်ပြထားကြပါတယ်။

ရက်ဘူးလ် ဆဲလ်ဘက်ကတော့ သူတို့အသင်း အတွက် ပြိုင်ပွဲစုံမှာ ပွဲ၄၀ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၃ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၈ကြိမ် ပြုလုပ်ထားနိုင်တဲ့ ဆက်စ်ကိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းကျော် အလိုရှိနေပါတယ်။