ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က စပိန်လာလီဂါ ထိပ်သီးကလပ် အက်သလက်တီကို မက်ဒရစ်ရဲ့ တိုက်စစ်မှူး ကူညာကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ကူညာရဲ့ အေးဂျင့်နဲ့လည်း ဆွေးနွေးမှုတွေ လုပ်ဆောင်ထားကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ကူညာက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဟာသာဘာလင် ကနေ အက်သလက်တီကို မက်ဒရစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၂၆သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၆ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူပါ။

Photo Credit: Standard

ကူညာက အထောင်တိုက်စစ် ၊ ဘယ်တောင်ပံနဲ့ ညာတောင်ပံတွေမှာ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး ဘရာဇီးလ်သား တဦး ပီပီ ပြိုင်ဘက်တွေကို လိမ်ခေါက် ဖြတ်ကျော်နိုင်စွမ်းလည်း မြင့်မားကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အက်သလက်တီကို မက်ဒရစ် အတွက် ပြိုင်ပွဲစုံမှာ ၃၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၇ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ကူညာရဲ့ အက်သလက်တီကို မက်ဒရစ် ကစားသမား ဘဝ ပထမဦးဆုံး ဘောလုံးရာသီ စွမ်းဆောင်ရည်ဟာ အကောင်းကြီး မဟုတ်ခဲ့ပေမယ့် ယူနိုက်တက် ကင်းထောက်တွေက သူ့ရဲ့ ခြေစွမ်းကို အတော်လေး သဘောကျနေကြပြီး ယူနိုက်တက်ဟာ ကူညာကို ခေါ်ယူနိုင်ဖို့ သူ့ရဲ့ အေးဂျင့်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပါတယ်။

Photo Credit: Standard

အက်သလက်တီကို မက်ဒရစ်ကတော့ သူတို့အသင်းရဲ့ တိုက်စစ်မှူး ကူညာအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရလာရင် ရောင်းချဖို့ စဉ်းစားထားပြီး အက်သလက်တီကို မက်ဒရစ်ဟာ ကူညာအတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် လိုချင်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။