ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ လူသစ်စုဆောင်းရေးဌာနက လာမယ့်နွေရာသီမှာ ခရစ္စတယ် ပဲလေ့စ် ကြယ်ပွင့် အိုလစ်ဆီကို ခေါ်ယူဖို့ ဆုံးဖြတ်ချက် ချလိုက်ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ပြင်သစ် ယူ-၂၁လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အိုလစ်ဆီက ဘယ်ခြေအားသန် ကစားသမား တဦး ဖြစ်ပြီး သူက ညာတောင်ပံနေရာမှာ အဓိက ကစားလေ့ ရှိကာ လိုအပ်ရင် နောက်ချန်တိုက်စစ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာလည်း ကစားနိုင်စွမ်း ရှိပါတယ်။

Photo Credit: Football 365

အိုလစ်ဆီက ပြိုင်ဘက်ခံစစ်မှူးတွေကို တဦးချင်း ဖြတ်ကျော်ရာမှာ ထူးချွန်သလို လျင်မြန်တဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဒဏ်ရာတွေကြောင့် ခရစ္စတယ် ပဲလေ့စ် အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၁ပွဲသာ ပါဝင် ကစားပေးထားနိုင်ပေမယ့် ၆ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၃ကြိမ် အထိ ရရှိထားပါတယ်။

အိုလစ်ဆီက အနာဂတ်မှာ ကမ္ဘာ့အဆင့် တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်လာနိုင်ချေ ရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက် ၊ မန်ချက်စတာ စီးတီး ၊ လီဗာပူး ၊ စပါး စတဲ့ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ခရစ္စတယ် ပဲလေ့စ်ကလည်း လာမယ့် နွေရာသီမှာ အိုလစ်ဆီကို ရောင်းချဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ လူသစ်စုဆောင်းရေးဌာနက အိုလစ်ဆီရဲ့ ခြေစွမ်း ၊ တိုးတက်လာနိုင်စွမ်းနဲ့ ကြံ့ခိုင်မှု အနေအထားကို သေချာ လေ့လာ ဆန်းစစ်ပြီးနောက် အိုလစ်ဆီကို ခေါ်ယူဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီး မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် နွေဈေးကွက်မှာ အိုလစ်ဆီကို တခြားအသင်းတွေနဲ့ ယှဉ်ပြိုင်ကာ ခေါ်ယူဖွယ် ရှိနေကြောင်း သိရှိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က လက်ရှိမှာ အန်တိုနီ ၊ ဆန်ချို ၊ အာမတ် ဒီရယ်လို စတဲ့ ညာတောင်ပံတိုက်စစ် ကစားသမား ၃ဦး အထိ ပိုင်ဆိုင်ထားတာကြောင့် အိုလစ်ဆီကို မခေါ်ခင်မှာ အနည်းဆုံး ညာတောင်ပံတိုက်စစ် ကစားသမား တဦးကို ရောင်းချဖို့ ရှိနေပြီး ဆန်ချိုဟာ ယူနိုက်တက် ကနေ ထွက်ခွာဖို့ ရာခိုင်နှုန်း အများဆုံး ကစားသမား ဖြစ်နေပါတယ်။