ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အရန်ဂိုးသမား နေရာအတွက် ပစ်မှတ်ထား ကြိုးပမ်းနေတဲ့ ဝက်ဖို့ဒ် ဂိုးသမား ဘက်ချ်မန်းကို ပြောင်းရွှေ့ကြေး မြင့်မားမှုကြောင့် မခေါ်ယူဖို့ ဆုံးဖြတ်လိုက်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အရန်ဂိုးသမား ဟန်ဒါဆန်ကို နော်တင်ဟမ် ဖောရက်စ်ဆီ တရာသီအငှားနဲ့ စေလွှတ်ဖို့ သဘောတူခဲ့ပြီးနောက် ဟန်ဒါဆန်ရဲ့ နေရာကို အစားဝင်နိုင်မယ့် အရန် ဂိုးသမား တဦးကို ရှာဖွေနေရာ ဝက်ဖို့ဒ်ဂိုးသမား ဘက်ချ်မန်းဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။

Photo Credit: Standard

အသက် ၂၇နှစ် အရွယ် ဩစတီးယား လက်ရွေးစင် ဂိုးသမား ဘက်ချ်မန်းက ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ဂိုးသမား တဦး ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ဝက်ဖို့ဒ်အတွက် စုစုပေါင်း ၁၃ပွဲ အထိ ပါဝင် ကစားပေးနိုင်ခဲ့သူပါ။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ဟန်ဒါဆန်ရဲ့ နေရာကို အစားထိုးဖို့ အတွက် ဘက်ချ်မန်းကို ခေါ်ယူရန် ကြိုးပမ်းနေတာ ဖြစ်ပြီး ဘက်ချ်မန်းကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပေမယ့် ဝက်ဖို့ဒ်ကတော့ ဘက်ချ်မန်းကို သတ်မှတ် ပြောင်းရွှေ့ကြေး ရမှသာ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဘက်ချ်မန်းကို ပြောင်းရွှေ့ကြေး ယူရို ၃သန်း ဝန်းကျင်နဲ့သာ ခေါ်ယူချင်နေတာ ဖြစ်ပြီး ဝက်ဖို့ဒ်ကတော့ ဘက်ချ်မန်းအတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၁၀သန်း ဝန်းကျင် လိုချင်နေတာကြောင့် နှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေး အတွက် ညှိနှိုင်းမှုတွေ အဆင်မပြေခဲ့ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ပြောင်းရွှေ့ကြေး မြင့်မားမှုကြောင့် ဘက်ချ်မန်းကို မခေါ်ယူဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။