ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းမှာ ကင်းထောက် ၊ ယူ-၁၈နည်းပြ ၊ လက်ထောက်နည်းပြ စတဲ့ ရာထူးတွေနဲ့ ကာလရှည် အလုပ်လုပ်ခဲ့ဖူးသလို လက်ရှိမှာ အက်ဝှစ်ချ်ကို အကောင်းဆုံး ကိုင်တွယ်ထားနိုင်တဲ့ လူငယ်နည်းပြ ကီရင် မက်ကန်နာကို အသင်းရဲ့ နည်းပြချုပ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၃၈နှစ် အရွယ် မြောက်အိုင်ယာလန်နိုင်ငံသား ကီရင် မက်ကန်နာက မန်ချက်စတာ ယူနိုက်တက်မှာ ရှိနေစဉ်ကတည်းက တချိန်မှာ ထိပ်သီးနည်းပြ တဦး ဖြစ်လာမယ့်သူ အဖြစ် နာမည်ကြီးခဲ့သူ ဖြစ်ပြီး သူက ၂၀၁၆ခုနှစ် ကနေ ၂၀၂၁ခုနှစ် အထိ မန်ချက်စတာ ယူနိုက်တက်မှာ အလုပ်လုပ်ဖူးပါတယ်။

Photo Credit: Sky Sports

မက်ကန်နာက မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိကာစမှာ ကင်းထောက်တာဝန်ကို ယူခဲ့ရပေမယ့် သူ့ရဲ့ နည်းစနစ်ပိုင်း ကြွယ်ဝမှုနဲ့ ကစားသမားတွေ အပေါ် စီမံခန့်ခွဲနိုင်မှုတို့ကြောင့် ကင်းထောက်အဖြစ် တာဝန်ယူပြီး မကြာခင်မှာပဲ ယူ-၁၈နည်းပြ အဖြစ် ပြောင်းလဲ တာဝန်ယူခဲ့ရပါတယ်။

၂၀၁၈ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက်နည်းပြချုပ် မော်ရင်ဟိုက မက်ကန်နာရဲ့ အတွေးအခေါ်နဲ့ စွမ်းဆောင်ရည်တွေကို သဘောကျသွားတာကြောင့် မက်ကန်နာကို သူ့ရဲ့ နည်းပြအဖွဲ့ထဲ ခေါ်ခဲ့ကာ မော်ရင်ဟို မရှိတော့ချိန်မှာလည်း မက်ကန်နာက ဆိုးလ်ရှားရဲ့ လက်ထောက်နည်းပြ အဖြစ် ဆက်လက် တာဝန်ယူခဲ့ရပါတယ်။

Photo Credit: Sky Sports

၂၀၂၁ခုနှစ်မှာတော့ မက်ကန်နာက သူ့ရဲ့ ကိုယ်ပိုင်နည်းပြဘဝကို စတင်ဖို့ အတွက် မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာကာ အက်ဝှစ်ချ်ဆီ ပြောင်းရွှေ့သွားခဲ့ပြီး မက်ကန်နာက အက်ဝှစ်ချ်ကို ၃ရာသီကြာအောင် ကိုင်တွယ်ခဲ့ရာမှာ လိဂ်ဝမ်း ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲ အထိ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sportsရဲ့ ဖော်ပြချက်အရ မက်ကန်နာက အက်ဝှစ်ချ်ကို အကောင်းဆုံး ကိုင်တွယ်ထားနိုင်တာကြောင့် မန်ချက်စတာ ယူနိုက်တက်က မက်ကန်နာကို သူတို့ရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေပြီး ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက မက်ကန်နာရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ လုပ်နေကြောင်း သိရှိရပါတယ်။