ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် ယခုနှစ် ဘောလုံးရာသီမှာ အက်စ်ပန်ညိုကနေ ရီးရဲလ်မက်ဒရစ်ဆီ အငှားနဲ့ လာရောက် ကစားရင်း ခြေစွမ်းပြနေတဲ့ ဝါရင့် စပိန်တိုက်စစ်မှူး ဟိုဆီလူကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း စပိန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၃၄နှစ် အရွယ် စပိန်တိုက်စစ်မှူး ဟိုဆီလူက ယခုနှစ် ဘောလုံးရာသီ အစမှာ အက်စ်ပန်ညို ကနေ ရီးရဲလ်မက်ဒရစ်ထံ ၁ရာသီ အငှားနဲ့ ပြောင်းရွှေ့ ကစားနေသူ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က အငှားစာချုပ် ကုန်ချိန်မှာ သူ့ကို ယူရို ၃.၅သန်း ဝန်းကျင်နဲ့ အပြီးသတ် ခေါ်ယူခွင့် ရှိနေပါတယ်။

Photo Credit: Goal

ဟိုဆီလူက အသက်ကြီးမှ ရီးရဲလ်မက်ဒရစ်လို ဥရောပ ထိပ်သီးအသင်းမှာ ကစားခွင့် ရခဲ့တာ ဖြစ်ပေမယ့် ကစားခွင့်ရတဲ့ အချိန်တိုင်းမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံမှာ ၃၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၃ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၃ကြိမ် ရရှိထားပါတယ်။

ဟိုဆီလူက ရီးရဲလ်မက်ဒရစ် အတွက် အရေးပါတဲ့ သွင်းဂိုးတွေ သွင်းယူပေးထားပေမယ့် ရီးရဲလ်မက်ဒရစ်ကတော့ လာမယ့် နွေရာသီမှာ ဟိုဆီလူကို အပြီးသတ် ခေါ်ယူဖို့ ဆန္ဒမရှိသေးပဲ ပြင်သစ်တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို အလွတ်နဲ့ ခေါ်ယူဖို့သာ ဦးစားပေး လုပ်ဆောင်နေပါတယ်။

Photo Credit: ESPN

ရီးရဲလ်မက်ဒရစ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေနဲ့ စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Relevoတို့ရဲ့ ဖော်ပြချက်တွေ အရ မန်ချက်စတာ ယူနိုက်တက်က ရီးရဲလ်မက်ဒရစ်မှာ ခြေစွမ်းပြနေတဲ့ ဟိုဆီလူကို ကာလတိုစာချုပ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယူနိုက်တက်ရဲ့ တာဝန်ရှိသူ နှစ်ဦးဟာ ဟိုဆီလူ အတွက် စုံစမ်းမှုတွေပါ လုပ်ထားကြောင်း သိရှိရပါတယ်။

အက်စ်ပန်ညိုကတော့ သူတို့ရဲ့ ဝါရင့် တိုက်စစ်မှူး ဟိုဆီလူကို ပြောင်းရွှေ့ကြေး ယူရို ၃သန်းနဲ့ ၅သန်းကြား ပမာဏ တရပ်နဲ့ အပြီးသတ် ရောင်းချဖို့ ဆုံးဖြတ်ထားသလို ဟိုဆီလူကလည်း ယူနိုက်တက်လို နာမည်ကြီးအသင်းကို ငြင်းပယ်ဖို့ ခက်ခဲတာကြောင့် မန်ချက်စတာ ယူနိုက်တက်ကသာ ဟိုဆီလူအတွက် တရားဝင် ကမ်းလှမ်းမှုတွေ လုပ်မယ် ဆိုရင် ဟိုဆီလူဟာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးသစ် ဖြစ်လာနိုင်ပါတယ်။