ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က မကြာသေးမီကမှ သူတို့အသင်း ကနေ နယူးကာဆယ်ဆီ ပြန်သွားတဲ့ အရန်ဂိုးသမား ဒူဗရက်ကာရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ခရစ္စတယ် ပဲလေ့စ်ရဲ့ အရန်ဂိုးသမား ဘတ်လန်းကို ခေါ်ယူရန် ကြိုးစားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဂိုးသမားနေရာမှာ ဒီဂီယာ ၊ ဟန်ဒါဆန် ၊ တွမ် ဟီတန်နဲ့ ဘီရှော့တို့လို ဂိုးသမားတွေကို ပိုင်ဆိုင်ထားပေမယ့် ဟန်ဒါဆန်ဟာ နော်တင်ဟမ် ဖောရက်စ်ဆီ တရာသီအငှားနဲ့ သွားရောက် ကစားနေပြီး ဘီရှော့က လူငယ်အသင်းတွေ အတွက် ကစားပေးနေသလို ဟီတန်ကလည်း အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ ဂိုးနည်းပြ တဦး အဖြစ် ပါဝင်နေတာကြောင့် နံပါတ်တစ် ဂိုးသမား ဒီဂီယာနဲ့ နေရာယှဉ်လုမယ့် ဂိုးသမား တဦး လိုအပ်နေပါတယ်။

Photo Credit: Football 365

ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့မှာ နယူးကာဆယ် ကနေ ဒူဗရက်ကာကို ၁ရာသီအငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ကာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ နယူးကာဆယ်က သူတို့ရဲ့ ဂိုးသမား ဒူဗရက်ကာကို အသင်းဆီ ပြန်လည် ခေါ်ယူသွားခဲ့ပါတယ်။

ဒူဗရက်ကာကို နယူးကာဆယ်ဆီ ပြန်စေလွှတ်ခဲ့ရပြီးနောက် မန်ချက်စတာ ယူနိုက်တက်က ဒူဗရက်ကာရဲ့ နေရာကို အစားဝင်နိုင်မယ့် အင်္ဂလန်လူမျိုး ဂိုးသမား တဦးကို ခေါ်ယူဖို့ စီစဉ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေဟာ တချိန်တုန်းက အင်္ဂလန်ရဲ့ အကောင်းဆုံး လူငယ်ဂိုးသမား ဖြစ်ခဲ့ဖူးသူ ဘတ်လန်းကို ခေါ်ယူဖို့ မျက်စိကျနေကြပါတယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Min သတင်းဌာနရဲ့ ဖော်ပြချက်တွေအရ မန်ချက်စတာ ယူနိုက်တက်က ဘတ်လန်းကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ အတွက် ခရစ္စတယ် ပဲလေ့စ်နဲ့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး ခရစ္စတယ် ပဲလေ့စ်ကလည်း ဘတ်လန်းရဲ့ လုပ်ခလစာကိုသာ ပေးချေပေးရန် မန်ချက်စတာ ယူနိုက်တက်ဆီ ဘတ်လန်းကို အငှားချဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ အဲလက်စ် ခရော့ကလည်း မန်ချက်စတာ ယူနိုက်တက်ဟာ ဘတ်လန်းကို ခေါ်ယူဖို့ ကြိုးစားနေတာ မှန်ကန်ကြောင်း ထပ်ဆင့် အတည်ပြုပေးခဲ့သလို မန်ချက်စတာ ယူနိုက်တက်က ဘတ်လန်းကို ခေါ်ယူနိုင်ဖို့ လက်တကမ်း အလိုကို ရောက်ရှိနေကာ မကြာခင်မှာပဲ ဘတ်လန်းဟာ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဖြစ်လာတော့မယ်လို့ ဆိုပါတယ်။