မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကင်မရွန်း ဝါရင့် တိုက်စစ်မှူးကြီး အဲရစ် မက်ဇင်း ချုပိုမိုတင်းကို ဒီနှစ် ဘောလုံးရာသီအကုန်ထိ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ စဉ်းစားနေတယ်လို့ The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီနွေမှာ အသင်းတိုက်စစ်ပိုင်း ဒိန်းမတ် တိုက်စစ်မှူးလေး ရက်မတ်စ် ဟွိုင်လန်းကို အတ္တလန်တာကနေ ခေါ်ယူထားခဲ့ပေမယ့်လည်း ဟွိုင်လန်းက ပရီးမီးယားလိဂ်မှာ သွင်းဂိုး တစ်ဂိုးတည်းသာ သွင်းယူနိုင်သေးသလို နောက်ထပ် တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ မာရှယ်ကလည်း ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပါတယ်။

Photo Credit : Goal

ဒါ့အပြင် တောင်ပံတိုက်စစ်တွေဖြစ်တဲ့ ရပ်ရှ်ဖို့ဒ် အန်တိုနီ ဂါနာချို ပလစ္စထရီတို့ဟာလည်း အသင်း တိုက်စစ်ပိုင်းအတွက် ပုံမှန်ခြေစွမ်းတွေ ပြသနိုင်ခြင်း မရှိတာကြောင့် အသင်းက ဂိုးတွေ ရရှိဖို့ပါ ပိုမို ခက်ခဲနေရပါတယ်။

ဒါ့အပြင် လာမယ့် ဆောင်းဈေးကွက်မှာလည်း မာရှယ်က အသင်းကနေ ထွက်ခွာဖို့ပါ ရှိနေတာကြောင့် ယူနိုက်တက်က အသင်းတိုက်စစ်အတွက် အားဖြည့်မှုတချို့ လုပ်ဆောင်ချင်လာပါတယ်။ FFP စည်းမျဉ်းနဲ့လည်း ညှိစွန်းလို့ မဖြစ်တဲ့ အခြေအနေမျိုး ရှိနေတာကြောင့် ယူနိုက်တက်က ကစားသမားသစ်ကိုတောင် အငှားနဲ့သာ ကမ်းလှမ်းသွားရဖွယ်လည်း ရှိနေပါတယ်။

Photo Credit : Bavarian Football Works

လတ်တလောမှာတော့ ယူနိုက်တက်က အသက် (၃၄)နှစ်အရွယ် ဘိုင်ယန် တိုက်စစ်မှူး ချုပိုမိုတင်းကို အငှားစာချုပ်နဲ့ ခေါ်ယူသွားချင်နေပြီး ချုပိုမိုတင်းကလည်း အာဖရိကဖလားပြိုင်ပွဲ ဝင်ရောက် ဆင်နွဲမှာ မဟုတ်လို့ သူ့ကို ယူနိုက်တက်က အလိုရှိနေပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ဘိုင်ယန်ရဲ့ သောမတ်စ် မူလာ နဲ့ လိုက်ပ်ဇစ်က တီမို ဗာနာကိုပါ စောင့်ကြည့်နေတယ်လို့ The Athletic မှာ ဖော်ပြထားပါတယ်။