ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့က စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် ဂါဗီကို ခေါ်ယူရန် စိတ်ဝင်စားလာကြကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ စပိန်လက်ရွေးစင် ကွင်းလယ်လူ ဂါဗီက ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး ဘာစီလိုနာနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ၂၀၂၂ခုနှစ်ရဲ့ အကောင်းဆုံး လူငယ် ကစားသမားဆုကို ရရှိထားသူပါ။

Photo Credit: Football 365

ဂါဗီက ဘာစီလိုနာ ၊ စပိန်တို့နဲ့ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် ဘာစီလိုနာက သူ့ကို အသင်းရဲ့ အနာဂတ် ကစားသမား အဖြစ် သတ်မှတ်ထားသလို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားခဲ့ပြီး ဘာစီလိုနာဟာ ဂါဗီကို စာချုပ်သစ် ချုပ်ဆိုခဲ့ပေမယ့် လာလီဂါအဖွဲ့ချုပ်က အဆိုပါ စာချုပ်ကို အသိအမှတ် မပြုပဲ ပယ်ဖျက်ခဲ့တာကြောင့် ဘာစီလိုနာနဲ့ ဂါဗီတို့ရဲ့ စာချုပ်သစ်ဟာ ပျက်ပြယ်သွားခဲ့ပါတယ်။

ဒါကြောင့် ဂါဗီက ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ၃လကျော်သာ ကျန်ရှိတော့ပြီး ဘာစီလိုနာကလည်း အသုံးစရိတ် ယူရို ၂၀၀သန်းကျော် လျှော့ချပြီးမှ ဂါဗီကို စာချုပ်သစ် ကမ်းလှမ်းနိုင်မှာ ဖြစ်တာကြောင့် ဂါဗီဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ အသင်းလက်မဲ့ ကစားသမား တဦး ဖြစ်သွားနိုင်ပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာကသာ ရာသီမကုန်ခင်မှာ ဂါဗီကို စာချုပ်သစ် မချုပ်နိုင်ခဲ့ရင် ဂါဗီဟာ ရာသီကုန်ချိန်မှာ ဘာစီလိုနာကို စွန့်ခွာနိုင်ချေ ရှိနေပြီး လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးကလပ်တွေ ဖြစ်တဲ့ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ဂါဗီကို ခေါ်ယူဖို့ အသီးသီး စိတ်ဝင်စားနေကြကာ နှစ်သင်းစလုံးက ဂါဗီရဲ့ အေးဂျင့်ထံ ဆက်သွယ်မှုတွေ ပြုလုပ်နေကြကြောင်း သိရပါတယ်။

ဒါပေမယ့် ဘာစီလိုနာနဲ့ နီးစပ်သူတွေက ဂါဗီဟာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ရင်တောင် အသင်းဘက်က ဘဏ္ဍာရေးပြဿနာတွေ ဖြေရှင်းပြီးတဲ့ အထိ စောင့်ဆိုင်းနေလိမ့်မယ်လို့ ယုံကြည်နေကြပြီး ဘာစီလိုနာရဲ့ အသင်းခေါင်းဆောင်ဟောင်း တဦး ဖြစ်သူ လီယွန်နယ် မက်ဆီကလည်း ၂၀၂၁ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားသည့်တိုင် နောက်ထပ် ၂လကျော်ကြာ အသင်းသစ်ဆီ မပြောင်းပဲ အသင်းမှာ ဆက်နေခဲ့ဖူးပါတယ်။