ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ကြယ်ပွင့်ဟောင်း ရိုနယ်ဒိုရဲ့ ကလပ်အသင်းသစ် ဖြစ်တဲ့ ဆော်ဒီနာမည်ကြီးကလပ် အယ် နက်ဆာရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ အဘူဘာကာကို ခေါ်ယူနိုင်မယ့် အခွင့်အရေး တခု ရထားကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ရိုနယ်ဒိုနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီးနောက် ယခု ဆောင်းဈေးကွက် အတွင်းမှာ ရိုနယ်ဒိုရဲ့ နေရာကို အစားဝင်နိုင်မယ့် တိုက်စစ်မှူး တဦးကို မဖြစ်မနေ ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဂျာအို ဖီးလစ်နဲ့ ဂလာဘက် တိုက်စစ်မှူး မားကပ် သူရမ်တို့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ထားပါတယ်။

Photo Credit: Sky Sports

တဖက်မှာတော့ အသက် ၃၀ အရွယ် ကင်မရွန်း လက်ရွေးစင် တိုက်စစ်မှူး အဘူဘာကာက ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ တိုက်စစ်မှူး တဦး ဖြစ်ပြီး သူက ကင်မရွန်းရဲ့ ဦးစားပေး တိုက်စစ်မှူး မဟုတ်ခဲ့ပေမယ့် အသင်းအတွက် ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ ၁၃၁မိနစ် ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

အဘူဘာကာက ကင်မရွန်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သလို အယ် နက်ဆာ အတွက် ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၁၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူ တချို့က အဘူဘာကာကို ရာသီကုန် အထိ အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက်က အဘူဘာကာကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေသလို အယ် နက်ဆာကလည်း ရိုနယ်ဒိုကို သူတို့အသင်းရဲ့ လူစာရင်းထဲ ထည့်သွင်းနိုင်ဖို့ ရှိရင်းစွဲ နိုင်ငံခြားသား ကစားသမားတွေထဲက တဦးကို အသင်းရဲ့ လူစာရင်းထဲကနေ ဖယ်ရှားရဖို့ ရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ အဘူဘာကာကို အလွယ်တကူ ခေါ်ယူနိုင်ကြောင်း ဆော်ဒီအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

ဆော်ဒီအခြေစိုက် သတင်းဌာနတွေက မန်ချက်စတာ ယူနိုက်တက်ဟာ အဘူဘာကာရဲ့ လုပ်ခလစာကို အပြည့်အဝ ပေးချေဖို့ ဆန္ဒရှိရင် အယ် နက်ဆာဟာ အဘူဘာကာကို မန်ချက်စတာ ယူနိုက်တက်ဆီ စေလွှတ်ဖို့ အသင့် ရှိနေကြောင်း ဖော်ပြထားကြသလို အဘူဘာကာကလည်း သူ့ရဲ့ ကစားသမား ဘဝ နောက်ဆုံးအချိန်မှာ မန်ချက်စတာ ယူနိုက်တက်လို ထိပ်သီးအသင်းဆီ ပြောင်းရွှေ့ချင်နေကြောင်းလည်း သိရှိရပါတယ်။