ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က နယ်သာလန် ထိပ်သီးကလပ် အေဂျက်ရဲ့ အဓိက ကစားသမား တဦး ဖြစ်သူ မာတီနက်ဇ် အတွက် တရားဝင် ကမ်းလှမ်းမှု တရပ် ပြုလုပ်လိုက်ကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ် အများစုက ဖော်ပြသွားခဲ့ကြပါတယ်။

အသက် ၂၄နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ခံစစ်မှူး လီဆန်ဒရို မာတီနက်ဇ်က ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ အေဂျက်ရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့သူ ဖြစ်ပြီး ဗဟိုခံစစ် ၊ ဘယ်နောက်ခံနဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ စွယ်စုံရ ကစားသမား တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့တဲ့ အဲရစ် တန်ဟက်ဂ်က သူ့ရဲ့ တပည့်ဟောင်း မာတီနက်ဇ်ကို အသင်းသစ်ထံ ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ အေဂျက်တို့ရဲ့ ကြားမှာ မာတီနက်ဇ်ရဲ့ အပြောင်းအရွှေ့ အတွက် ယမန်နေ့ညမှာပဲ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်ခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်နဲ့ အေဂျက်တို့ရဲ့ ကြားမှာ မာတီနက်ဇ် အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး အေဂျက်ဘက်က မာတီနက်ဇ် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၃သန်း အထိ လိုချင်နေပေမယ့် သူတို့ရဲ့ ခေါ်ဈေးကို အနည်းငယ် လျှော့ပေးနိုင်ကြောင်း သိရပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဆမ်မီ မိုကိုဘယ်ကလည်း အေဂျက်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ကြားမှာ မာတီနက်ဇ် အတွက် ဆွေးနွေးမှုတွေ ရှိနေကြောင်းကို ထပ်ဆင့် အတည်ပြုပေးခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်က မာတီနက်ဇ် အတွက် ပထမဦးဆုံး ကမ်းလှမ်းမှု အဖြစ် ပေါင် ၃၄.၅သန်းနဲ့ စတင် ကမ်းလှမ်းခဲ့ကာ လိုအပ်ရင် အပိုဆုကြေးတွေပါ ထပ်ပေးဖို့ ဆန္ဒရှိနေကြောင်း ဆိုပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က မာတီနက်ဇ် အတွက် အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပေမယ့် မာတီနက်ဇ်က သူ့ရဲ့ ဆရာဟောင်း တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ချင်နေကြောင်း အေဂျက်နဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောကြားထားပါတယ်။