အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း ၃သင်း ဖြစ်တဲ့ အာဆင်နယ် ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့က ဘာစီလိုနာ ကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ စပိန်လူငယ်ကြယ်ပွင့် အန်ဆု ဖာတီကို ခေါ်ယူရန် စိတ်ဝင်စားနေကြပြီး ဖာတီအတွက် သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ စပိန်လက်ရွေးစင် လူငယ်ကြယ်ပွင့် အန်ဆု ဖာတီက အထောင်တိုက်စစ် ၊ ဘယ်တောင်ပံ ၊ ညာတောင်ပံနဲ့ နောက်ချန်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ အရည်အသွေးမြင့် ကစားသမား တဦး ဖြစ်ပြီး သူဟာ ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ကစားသမား တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Team Talk

အန်ဆု ဖာတီက အသက် ၁၇နှစ် အရွယ်ထဲက ဘာစီလိုနာ အတွက် ပါဝင် ကစားခွင့် ရထားသူ ဖြစ်ပြီး သူက ဘာစီလိုနာရဲ့ ထာဝရ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရတဲ့ လီယွန်နယ် မက်ဆီလို ပါရမီမျိုး ပါတဲ့ ကစားသမား ဖြစ်ကြောင်း လာမာစီယာရဲ့ တာဝန်ရှိသူတွေက ယုံကြည်ထားကြပါတယ်။

ဒါကြောင့်ပဲ ဘာစီလိုနာက အန်ဆု ဖာတီကို ၂၀၂၉ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပေမယ့် ဖာတီဟာ ယခုနှစ် ဘောလုံးရာသီမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရပြီး သူက ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၁၁၄၉ မိနစ်သာ ကစားခွင့် ရထားပါတယ်။

အန်ဆု ဖာတီနဲ့ သူ့ရဲ့ အေးဂျင့် ဂျော့စ် မန်ဒက်တို့က ဖာတီရဲ့ ကစားချိန်နဲ့ ပတ်သတ်ပြီး မပျော်မရွှင် ဖြစ်နေကြကာ မန်ဒက်က အန်ဆု ဖာတီကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းပြောင်းဖို့ တိုက်တွန်းနေသလို ဖာတီကလည်း သူ လိုချင်တဲ့ ကစားချိန်သာ မရရင် ဘာစီလိုနာ ကနေ ထွက်ခွာဖို့ စတင် စဉ်းစားနေပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ဒက်က ဖာတီကို ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ အာဆင်နယ် ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ထံ ကမ်းလှမ်းထားပြီး ၃သင်းစလုံးကလည်း ဖာတီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြသလို ဖာတီအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် ပေးချေဖို့ ဆုံးဖြတ်ထားကြောင်းလည်း သိရပါတယ်။

ဘာစီလိုနာနဲ့ ဖာတီတို့ ချုပ်ဆိုထားတဲ့ စာချုပ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၁ဘီလီယံ အထိ ရှိနေပေမယ့် အကယ်၍ ဖာတီကသာ အသင်းပြောင်းဖို့ ဆန္ဒရှိရင် ဘာစီလိုနာက ဖာတီကို ပြောင်းရွှေ့ကြေး ယူရို ၁၅၀သန်း ဝန်းကျင်နဲ့ ရောင်းထုတ်နိုင်ကြောင်း စပိန်အခြေစိုက် အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက ပြောကြားထားကြပါတယ်။