ကဲ ပရိသတ်တွေ အားလုံး မလွတ်တမ်း စောင့်ကြည့်သင့်တဲ့ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲ တဖြစ်လဲ မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ ပွဲကတော့ ဒီနေ့ညမှာ ယှဉ်ပြိုင် ကစားကြတော့မှာပဲ ဖြစ်ပါတယ်။ မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်ပွဲမှာ အနိုင်ရတဲ့ အသင်းက ဒီနှစ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အလားအလာ များနေတာကြောင့် ဒီပွဲဟာ ပရိသတ်တွေ အားလုံး စောင့်ကြည့်သင့်တဲ့ ပွဲစဉ်ပါပဲ။ ဒါကြောင့် ဒီပွဲလေး မစခင်မှာပဲ ကျွန်တော်တို့နဲ့အတူတူ ဒီပွဲရဲ့ အကြောင်းကို ရင်ခုန်ကြည့်ကြရအောင်ဗျာ။

Photo Credit: Sports Brief

မန်စီးတီးနဲ့ အာဆင်နယ် (ကြာသပတေး မနက် ၁နာရီခွဲ)

ဒီပွဲကတော့ ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်အသင်း ဖြစ်မလဲ ဆိုတာကို အဆုံးအဖြတ်ပေးမယ့် ပွဲပါ။ ဒါကြောင့် ဒီပွဲက နှစ်သင်းစလုံး အတွက် သိပ်ကို အရေးကြီးပါတယ်။ လက်ရှိမှာ အာဆင်နယ်က မန်ချက်စတာ စီးတီးထက် ရမှတ် ၅မှတ် သာနေပေမယ့် မန်ချက်စတာ စီးတီးက အာဆင်နယ်ထက် ၂ပွဲ လျော့နေပါတယ်။ မန်ချက်စတာ စီးတီးကသာ လက်ကျန်ပွဲ ၂ပွဲစလုံးကို အနိုင် ကစားနိုင်ခဲ့ရင် အာဆင်နယ်ထက် ရမှတ် ၁မှတ် သာသွားမှာ ဖြစ်လို့ လန်ဒန်သားတွေဟာ ဒီပွဲမှာ နိုင်ပွဲကို ပိုလိုအပ်နေပါတယ်။

လတ်တလော ခြေစွမ်းပိုင်းအရ ယှဉ်ကြည့်ရင် မန်ချက်စတာ စီးတီးက အာဆင်နယ်ထက် ပိုသာနေသလို ထိပ်တိုက် တွေ့ဆုံမှုမှာလည်း မန်ချက်စတာ စီးတီးက အာဆင်နယ်ကို အပြတ်အသတ် အသာစီး ရနေပါတယ်။ မန်ချက်စတာ စီးတီးက အာဆင်နယ်နဲ့ နောက်ဆုံး ကစားခဲ့တဲ့ ၇ပွဲစလုံးမှာ နိုင်ပွဲတွေ ရယူထားနိုင်သလို နောက်ဆုံး ၆နှစ် အတွင်းမှာလည်း မန်ချက်စတာ စီးတီးက အာဆင်နယ်ကို ၁ပွဲထဲသာ ရှုံးထားပါတယ်။ ဒါကြောင့် အာဆင်နယ်က မန်ချက်စတာ စီးတီး အတွက် ငယ်နိုင်အသင်းလို့ ပြောရင်တောင် ရမယ် ထင်ပါတယ်။

ဒီနှစ်သင်းရဲ့ နောက်ဆုံး ထိပ်တိုက် တွေ့ဆုံမှု ၁၇ကြိမ်မှာ သရေပွဲ တပွဲမှ မရှိခဲ့ပဲ နောက်ဆုံး သရေကျခဲ့တာက ၂၀၁၆ခုနှစ် ၊ မေလ ၈ရက်နေ့မှာ ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၂-၂ အာဆင်နယ် ပွဲစဉ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲမှာ သရေရလဒ် ထွက်ပေါ်ဖို့ ခက်ပါလိမ့်မယ်။ လက်ရှိခြေစွမ်းအရ မန်ချက်စတာ စီးတီးက အာဆင်နယ်ကို အသာစီး ရနေပေမယ့် အာဆင်နယ်ကလည်း နှစ်ပေါင်း ၂၀နီးပါး ဝေးကွာခဲ့ရတဲ့ ချန်ပီယံဆုကို အမိအရ ယူနိုင်ဖို့ ဒီပွဲမှာ မနိုင်ရင်တောင် မရှုံးနိမ့်အောင် အစွမ်းကုန် ကြိုးစား ကစားလာမှာပါ။ ဒါပေမယ့် အစဉ်အလာနဲ့ စိတ်ဓာတ်ပိုင်းအရ အာဆင်နယ်က မန်ချက်စတာ စီးတီးကို ယှဉ်ကစားဖို့ မလွယ်တာကြောင့် အိမ်ရှင်တွေပဲ အနိုင်ရသွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – မန်စီးတီး ၃-၁ အာဆင်နယ်

Photo Credit: The Analyst

ဝက်စ်ဟမ်းနဲ့ လီဗာပူး (ကြာသပတေး မနက် ၁နာရီ ၁၅မိနစ်)

ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်မှန်းနေတဲ့ လီဗာပူးအတွက် ဒီပွဲက မဖြစ်မနေ အနိုင်ကစားရမယ့် ပွဲပါပဲ။ လီဗာပူးနည်းပြ ကလော့ပ်က သူတို့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မဖြစ်နိုင်တော့ပါဘူးလို့ ပြောထားပေမယ့် ကြိုးကြာတပ်က နောက်ဆုံးအချိန် အထိ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ကြိုးစားမှာ အသေအချာပါပဲ။

တဖက်မှာတော့ မိုယက်စ်ရဲ့ ဝက်စ်ဟမ်းက ရာသီအလယ်မှာ ရလဒ်တွေ တောက်လျှောက် ဆိုးဝါးခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ၁၀ပွဲမှာ ၁ပွဲထဲသာ ရှုံးနိမ့်ခဲ့သလို ယူရိုပါ ကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ကိုလည်း တက်ရောက်ထားနိုင်ပါတယ်။ ဒါကြောင့် ဝက်စ်ဟမ်းရဲ့ စိတ်ဓာတ်ပိုင်းက အတက်ဘက်ကို ရောက်နေမှာပါ။

ဝက်စ်ဟမ်းက နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ပွဲမှာ ၂ပွဲနိုင် ၁ပွဲသရေ ရလဒ်ကို ရယူနိုင်ခဲ့ပေမယ့် တန်းဆင်းဇုန် အန္တရာယ် ကနေ မလွတ်သေးပါဘူး။ ဒါကြောင့် ဝက်စ်ဟမ်းက ဒီနေ့ပွဲမှာ လီဗာပူးဆီ ကနေ ရမှတ် ခွဲယူနိုင်အောင် ကြိုးစားလာမှာ အသေအချာပါပဲ။ ဒါပေမယ့် ဝက်စ်ဟမ်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ရုန်းကစားနေတဲ့ လီဗာပူးကို ယှဉ်နိုင်ဖို့ မလွယ်တာကြောင့် ဒီပွဲမှာ လီဗာပူးက အောင်ပွဲရလိမ့်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – ဝက်စ်ဟမ်း ၁-၂ လီဗာပူး

အခြားပွဲများ အတွက် ခန့်မှန်းရလဒ်များ

နော်တင်ဟမ် ဖောရက်စ် ၀-၂ ဘရိုက်တန်

ချယ်လ်ဆီး ၂-၂ ဘရန့်ဖို့ဒ်