မန်ချက်စတာ စီးတီးအသင်းဟာ သူတို့အသင်းရဲ့ ပဲ့ကိုင်ရှင် နည်းပြ ပက်ပ် ဂွာဒီယိုလာဟာ လာမယ့်နှစ်မှာပဲ မန်စီးတီးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးပြီဖြစ်ပြီး အသင်းကနေပါ ထွက်ခွာသွားဖို့လည်း အစီအစဉ် ရှိနေတာကြောင့် မန်စီးတီးက ဂွာဒီယိုလာ နေရာအတွက် အစားထိုးမယ့် နည်းပြတစ်ဦးကို ရှာဖွေထားနေရပါတယ်။

အသက် (၅၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ စပိန်လူမျိုး ကမ္ဘာကျော် ဘောလုံးနည်းပြကြီး ဂွာဒီယိုလာဟာ ဘာစီလိုနာ ဘိုင်ယန်မြူးနစ်တို့နဲ့ အောင်မြင်မှုတွေ များစွာ ရယူထားပြီးမှ ၂၀၁၆ခုနှစ်မှာပဲ မန်စီးတီးအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုဆိုရင် မန်စီးတီးမှာ (၈)ရာသီအထိတောင် ဖြတ်သန်းထားခဲ့ပြီဖြစ်ကာ မန်စီးတီးအတွက် သမိုင်းဝင် အောင်မြင်မှုတွေကိုလည်း ရယူပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Manchester City FC

မန်စီးတီးအတွက် ပထမဆုံး ချန်ပီယံလိဂ်ဖလား ၊ မန်စီးတီးအတွက် ပထမဆုံး Treble Champions နဲ့ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံး (၄)ရာသီဆက်တိုက် ပရီးမီးယားလိဂ် ချန်ပီယံ အစရှိတဲ့ ခမ်းနားလွန်းလှတဲ့ အောင်မြင်မှုတွေကို ရယူပေးခဲ့တဲ့ နည်းပြ ဂွာဒီယိုလာဟာ အခုဆိုရင် မန်စီးတီးအတွက် ရယူပေးစရာဆိုလို့ ဘာဖလားမှ မရှိတော့တာကြောင့် သူနဲ့ စီးတီးတို့ သက်တမ်းကုန်ချိန်မှာ စီးတီးကနေ ထွက်ခွာဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအနေနဲ့ကလည်း ဂွာဒီယိုလာလို အသင်းအတွက် အတော်လေး အရေးပါလွန်းတဲ့ နည်းပြတစ်ဦးကို လက်လွတ်ရမှာက အသင်းအပေါ် ထိုးနှက်ချက်ကြီး ဖြစ်လာနိုင်မှာမို့ ဒါကို မန်စီးတီးအသင်း တာဝန်ရှိသူတွေဘက်ကနေ ပြင်ဆင်ထားကြပြီး CuaghtOffside ရဲ့ ပြင်သစ်ဂျာနယ်လစ် စတိဗ်ကေး ဖော်ပြချက်မှာတော့ စီးတီးက ဇာဘီ အလွန်ဆိုကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

Photo Credit : Metro

လီဗာပူးလ် ရီးယဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ကစားသမားဟောင်းကြီး အလွန်ဆိုဟာ သိပ်မကြာသေးခင်ကပဲ နည်းပြနယ်ပယ်ထဲက ရောက်ရှိလာခဲ့ပြီး ဘောလုံးသမားဘဝအတွင်း ဂွာဒီယိုလာ မော်ရင်ဟို အန်ဆယ်လော့တီ ဘင်နီတက်ဇ်တို့လို နည်းပြတွေနဲ့ တွဲဖက် အလုပ်လုပ်ဖူးတဲ့ အရှိန်တွေနဲ့ အခု နည်းပြလုပ်လာတော့လည်း နည်းပြသက်တမ်း နုနုလေးနဲ့တင် မဖြစ်နိုင်တဲ့ အောင်မြင်မှုတွေကိုပါ ရယူထားနိုင်ခဲ့ပါတယ်။

အလွန်ဆိုဟာ ပြီးခဲ့တဲ့ ရာသီကပဲ လေဗာကူဆင်ကို ဘွန်ဒက်စ်လီဂါမှာ ရှုံးပွဲမရှိ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာမို့ သူ့ကို လီဗာပူးလ် ဘိုင်ယန် ရီးယဲလ်တို့က လိုချင်ကြပေမယ့် အလွန်ဆိုကတော့ ၂၀၂၅အထိ လေဗာကူဆင်မှာပဲ ရှိနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မန်စီးတီးကလည်း ၂၀၂၅မှာ ဂွာဒီယိုလာကို လက်လွတ်ရတော့မှာမို့ ဂွာဒီယိုလာရဲ့ တပည့်ဟောင်း အလွန်ဆိုကို နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်သွားဖို့ ဆန္ဒရှိနေပါတယ်။