မန်ချက်စတာ စီးတီးအသင်းကတော့ ဒီနွေမှာ လိုက်ပ်ဇစ် ထိပ်တန်း ကစားသမားဖြစ်သူ ခံစစ်မှူး ဂဗာဒီယိုလ်ကို ခေါ်ယူခဲ့ပြီးတဲ့နောက် ထပ်မံပြီး လိုက်ပ်ဇစ် ကြယ်ပွင့်ကစားသမား ဒန်နီ အော်လ်မိုကိုပါ ခေါ်ယူနိုင်ဖို့ အလားအလာ အရမ်းကောင်းနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါ နာမည်ကျော်ကလပ် လိုက်ပ်ဇစ်အသင်းဟာ ကစားသမားကောင်းတွေ အမြဲ ထွက်ပေးတက်တဲ့ အသင်းတစ်သင်းဖြစ်ပြီး ဒီနွေမှာဆိုရင်လည်း အန်ကွန်ကူ ဆိုဘိုဆလိုင်း နဲ့ ဂဗာဒီယိုလ်တို့ကို ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေဆီ ရောင်းချခဲ့ရပါသေးတယ်။

Photo Credit : Bavarian Football Works

လက်ရှိမှာလည်း ကစားသမားကောင်းတွေ ဆက်လက် ပိုင်ဆိုင်ထားသေးတဲ့ လိုက်ပ်ဇစ်အသင်းဟာ အသင်းရဲ့ နောက်ထပ် အဓိက ကစားသမားတစ်ဦးဖြစ်သူ အော်လ်မိုကိုလည်း လာမယ့်နှစ် နွေလောက်မှာ အသင်းကနေ ထပ်မံ လက်လွတ်သွားရဖို့ ရှိနေရပါတယ်။

လိုက်ပ်ဇစ်ရဲ့ key player ဖြစ်တဲ့ စပိန် ကွင်းလယ်တိုက်စစ် ကစားသမား အော်လ်မိုဟာ ဘာစီလိုနာ လူငယ် အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့ (၃)နှစ်ကမှ ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်ကနေ လိုက်ပ်ဇစ်အသင်းဆီ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

Photo Credit : Goal

ကွင်းလယ်တိုက်စစ်အပြင် ဘယ် ညာ တောင်ပံနှစ်ဖက်လုံးမှာ ကစားနိုင်သူ အော်လ်မိုဟာ သူ့အသင်းဟောင်း ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိနေပေမယ့်လည်း နောက်ဆုံးထွက်ပေါ်နေတဲ့ သတင်းတွေထဲမှာတော့ အော်လ်မိုကို ခေါ်ယူနိုင်ဖို့အတွက် ဘာစီလိုနာထက် မန်စီးတီးကသာ အလားအလာ အကောင်းဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဒူးဒဏ်ရာ ရရှိနေတဲ့ အော်လ်မိုရဲ့ တန်ကြေးဟာ ယူရို သန်း(၄၀)လို့ Transfermarket ကနေ ဖော်ပြထားပေမယ့်လည်း သူရဲ့ခြေစွမ်းနဲ့ ၂၀၂၇ခုနှစ်အထိ ကျန်ရှိနေတဲ့ စာချုပ်သက်တမ်းတွေကြောင့် အနည်းဆုံး ယူရို သန်း(၅၀)လောက်အထိ ရှိလာနိုင်ပါတယ်။