နာမည်ကြီး ဘောလုံး မန်နေဂျာဂိမ်းတစ်ခုဖြစ်တဲ့ Football Manager 24 ထဲမှာ gamers တွေရဲ့ စိတ်ဝင်စားမှု အများဆုံး ရရှိနေပြီး ခေါ်ယူမှု အများဆုံး ကစားသမားတစ်ဦး ဖြစ်နေရတဲ့ အာဂျင်တီးနား ကြယ်ပွင့်လေးကို မန်စီးတီးအသင်းက ခေါ်ယူဖို့အတွက် လှုပ်ရှားမှုတွေ လုပ်ဆောင်လျက် ရှိနေပါတယ်။
Football Manager 24 ဂိမ်းထဲမှာ ဂိမ်းကစားသူတိုင်းလိုလို နှစ်သက်ရတဲ့ ဆယ်ကျော်သက် ဘယ်နောက်ခံ ကစားသမားလေး ဗယ်လင်တင် ဘာကို ကို ဂိမ်းထဲမှာသာမကပဲ အပြင်မှာပါ ကလပ်အသင်းပေါင်း များစွာက အပြိုင် စိတ်ဝင်စားနေကြပါတယ်။
Photo Credit : Youtube
အသက် (၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဘိုကာဂျူနီယာ ဘယ်နောက်ခံလူ ဘာကိုဟာ အရည်အသွေးမြင့် ကစားသမားလေး တစ်ဦးဖြစ်ပြီး ဒီရာသီမှာလည်း ဘိုကာဂျူနီယာအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၃၀)အထိ ပါဝင်ကစားထားရင်း (၄)ဂိုး ဖန်တီးထားနိုင်ခဲ့သလို သွင်းဂိုး(၁)ဂိုး သွင်းယူထားနိုင်ပါတယ်။
ဒီလို အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဘာကို ကို လီဗာပူးလ် ဒေါ့မွန် နယူးကာဆယ် ဘရိုက်တန်တို့အပြင် မန်စီးတီးကလည်း အထူး စိတ်ဝင်စားနေပြီး ဒီအသင်းတွေထဲမှာ မန်စီးတီးက ဘာကို ကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေရပါတယ်။
Photo Credit : Youtube
ဘာကိုဟာ ဘိုကာဂျူနီယာအသင်းနဲ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာထိသာ စာချုပ်သက်တမ်း ကျန်ရှိနေတော့တာ ဖြစ်သလို လက်ရှိမှာလည်း ဘာကိုရဲ့ တန်ကြေးဟာလည်း ယူရို (၁၀)သန်း ဝန်းကျင်လောက်သာ ရှိနေတာမို့ အသင်းတွေက အခုလို အပြိုင်အဆိုင် စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။
ဘာကို ဟာ ဘယ်ခြမ်းတစ်ခြမ်းလုံးမှာ နေရာစုံ သေချာ ရွှေ့လျားကစားနိုင်သူဖြစ်ပြီး ဘယ်နောက်ခံ နေရာကို အဓိကထား ကစားသလို ကွင်းလယ်ဘယ်ခြမ်း နဲ့ ဘယ်တောင်ပံ နေရာတွေထိပါ လိုက်ပါ ကစားနိုင်သူလည်း ဖြစ်ပါတယ်။