မန်ချက်စတာ စီးတီးအသင်းဟာ ဆော်ဒီကလပ် အယ်လ် အာလီအသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ အယ်လ်ဂျီးရီးယား တောင်ပံ ကစားသမား မာရက်ဇ်နေရာမှာ အစားထိုးဖို့အတွက် ရန်းစ်အသင်းရဲ့ ဘယ်လ်ဂျီယံ ကစားသမား ဂျယ်ရမီ ဒိုကူကို အသေအချာလေး ပစ်မှတ်ထားလာခဲ့ပါတယ်။
အခုတော့ မန်စီးတီးအသင်းက အသက်(၂၁)နှစ်အရွယ်သာ ရှိနေသေးတဲ့ ညာတောင်ပံ ကစားသမား ဒိုကူကို အသင်းဆီ ခေါ်ဆောင်ဖို့အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်ပါ ရရှိသွားခဲ့ရပါတယ်။
Photo Credit : The Telegraph
အသင်းအတွက် အကောင်းဆုံး အကျိုးပြုခဲ့သူ မာရက်ဇ်ကို ဒီနွေမှာ လက်လွတ်လိုက်ရတဲ့ မန်စီးတီးက မာရက်ဇ် နေရာအတွက် မိတိုမာ ၊ အိုလီဆေး နဲ့ ဒိုကူတို့ကို ပစ်မှတ်ထားခဲ့ပြီး ဒီကစားသမားတွေထဲကမှ ဒိုကူက ယခင်ကတည်း မန်စီးတီး စောင့်ကြည့်နေရတဲ့ ကစားသမား ဖြစ်နေတာမို့ ဒိုကူကိုပဲ ဦးစားပေးလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အခုတော့ ဒိုကူက မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်လိုက်ပြီ ဖြစ်တာကြောင့် ဒီအပြောင်းအရွှေ့ အထမြောက်လာဖို့အတွက် အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေးပိုင်းကို ဆက်လက် ညှိနှိုင်းသွားရတော့မှာပဲ ဖြစ်ပါတယ်။
Photo Credit : Twitter
မန်စီးတီးက ဒိုကူနဲ့ အခုလို personal agreed မရခင်လေးမှာပဲ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင်ပံ ကစားသမား ကင်စလေ ကိုးမန်းကို ချိန်ရွယ်လာခဲ့ပေမယ့်လည်း ဘိုင်ယန်ကတော့ သူတို့ ကစားသမားကို လုံးဝ လက်လွတ်ဖို့ ဆန္ဒမရှိလို့ စီးတီးနဲ့ ဆွေးနွေးဖို့တောင် ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် စီးတီးအနေနဲ့ ဒိုကူကိုပဲ ပိုမို အာရုံစိုက်လာခဲ့ရတာဖြစ်ပြီး ရန်းစ်မှာ (၂)နှစ်စာချုပ်သာ ကျန်ရှိနေတော့တဲ့ ဒိုကူဟာ လက်ရှိမှာ တန်ကြေး ယူရို (၂၈)သန်းသာ ရှိနေတယ်လို့ Transfermarket ကနေ ဖော်ပြထားပေမယ့်လည်း ရန်းစ်ကတော့ ဒိုကူက သူတို့အသင်းအတွက် ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးအထိ လုပ်ဆောင်ပေးနိုင်မယ့် ကစားသမားလို့ပါ သတ်မှတ်ထားနေပါတယ်။