ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ EFLဖလား ကွာတားဖိုင်နယ်ပွဲ တပွဲ ဖြစ်တဲ့ ဆောက်သမ်တန်နဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် ဆောက်သမ်တန်က ပထမပိုင်း ပွဲကစားချိန် အတွင်းမှာ ရခဲ့တဲ့ သွင်းဂိုးတွေနဲ့ မန်ချက်စတာ စီးတီးကို အနိုင်ရကာ ဆီမီးဖိုင်နယ်ဆီ ထိုက်ထိုက်တန်တန် တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ဆောက်သမ်တန်ရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ အိမ်ရှင် ဆောက်သမ်တန်က အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပေမယ့် စနေနေ့မှာ မန်ချက်စတာဒါဘီ ကန်ရမယ့် မန်ချက်စတာ စီးတီးကတော့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဒီဘရိုင်း ၊ ဟာလန်း ၊ ရိုဒရီ ၊ အကန်ဂျီ ၊ မာရက်ဇ် ၊ ဘာနာဒို ဆေးလ်ဗား စတဲ့ ကစားသမားတွေကို အနားပေးခဲ့ပါတယ်။

Photo Credit: Standard

မန်ချက်စတာ စီးတီးက သူတို့ရဲ့ အဓိက ကစားသမား အများအပြားကို အနားပေးခဲ့သည့်တိုင် သူတို့ရဲ့ လူစာရင်းက ဆောက်သမ်တန်ထက် ပိုကောင်းနေပေမယ့် တွဲကစားလေ့ ရှိတဲ့ ကစားသမားတွေ မဟုတ်တာကြောင့် ကစားပုံပိုင်းမှာ အားနည်းချက်တွေ ရှိနေခဲ့ပြီး အိမ်ရှင် ဆောက်သမ်တန်ကတော့ သူတို့ရဲ့ ထုံးစံအတိုင်း ဖြတ်တင်ဘောတွေ ၊ တန်ပြန်တိုက်စစ်တွေနဲ့ မန်ချက်စတာ စီးတီးရဲ့ ခံစစ်ကြောင်းကို ဒုက္ခပေးသွားခဲ့ကာ ဆောက်သမ်တန် အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၂၃မိနစ်မှာ တိုက်စစ်မှူး မားစ်နဲ့ ပွဲချိန် ၂၈မိနစ်မှာ တောင်ပံကစားသမား ဒီဂျန်ပိုတို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

ဆောက်သမ်တန်ကို ၂ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဒုတိယပိုင်းမှာ မန်ချက်စတာ စီးတီး နည်းပြချုပ် ဂွာဒီယိုလာက အဓိက ကစားသမားတွေ ဖြစ်တဲ့ ဟာလန်း ၊ ဒီဘရိုင်း ၊ အကီ ၊ အကန်ဂျီနဲ့ ရိုဒရီတို့ကို ထည့်သွင်းကာ ချေပဂိုးတွေ ၊ အနိုင်ဂိုးတွေ ပြန်ရအောင် ကြိုးစားခဲ့ပေမယ့် ဆောက်သမ်တန်ရဲ့ မာကျောတဲ့ ခံစစ်ကြောင်းကို မကျော်နိုင်ခဲ့တာကြောင့် အဝေးကွင်းမှာ သိက္ခာဆယ် ချေပဂိုး တဂိုးတောင် မရခဲ့ပါဘူး။

Photo Credit: Standard

ဆောက်သမ်တန် ၂-၀ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ မန်ချက်စတာ စီးတီးရဲ့ ကစားပုံက အတော်လေးကို ညံ့ဖျင်းခဲ့သလို အဆိုပါပွဲမှာ မန်ချက်စတာ စီးတီးဟာ ဂိုးပေါက် ကန်သွင်းခွင့် ၇ကြိမ်သာ ရခဲ့ပြီး အဆိုပါ ၇ကြိမ်မှာ ၂ကြိမ်က လူထိထွက်ခဲ့သလို ၅ကြိမ်ကလည်း ဂိုးပေါက်နဲ့ လွဲချော်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးက ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဂိုးပေါက်တည့်ကန်ချက် တကြိမ်မှ မရခဲ့ပဲ ဒီလို စွမ်းဆောင်ရည်မျိုးဟာ မန်ချက်စတာ စီးတီးလို အသင်းမျိုး အတွက် အရှက်ရစရာ စွမ်းဆောင်ရည်လို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး။