ပူပူနွေးနွေး ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးက လာမယ့် နွေဈေးကွက် အတွင်းမှာ သူတို့အသင်းရဲ့ တောင်ပံတိုက်စစ်ကို အားဖြည့်ဖို့ စဉ်းစားထားရာ ရီးရဲလ်မက်ဒရစ်နဲ့ အနာဂတ် မတည်မငြိမ် ဖြစ်နေတယ်လို့ သတင်းကြီးနေတဲ့ ဘရာဇီးလ်ကြယ်ပွင့် ရိုဒရီဂိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း စပိန်အခြေစိုက် သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

မန်ချက်စတာ စီးတီးက နေရာစုံမှာ ကစားသမားကောင်းတွေ ရှိနေတဲ့ ထိပ်သီးအသင်း တသင်း ဖြစ်ပေမယ့် ဘယ် ၊ ညာ တောင်ပံနှစ်ဖက် အတွက် ဒိုကူ ၊ ဂရီးလစ်ရှ် ၊ ဘာနာဒို ဆေးလ်ဗား ၊ ဖိုဒန် စတဲ့ ကစားသမား ၄ဦးကို ပိုင်ဆိုင်ထားပြီး အဆိုပါ ကစားသမား ၄ဦး အနက် ဒိုကူနဲ့ ဂရီးလစ်ရှ်တို့ကသာ တောင်ပံတိုက်စစ် ကစားသမားစစ်စစ်တွေ ဖြစ်ကြကာ ဂရီးလစ်ရှ်ရဲ့ ခြေစွမ်းကလည်း အကျပိုင်းကို ရောက်နေပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးရဲ့ တာဝန်ရှိသူတွေက လာမယ့် နွေဈေးကွက် အတွင်းမှာ အရည်အသွေးမြင့် တောင်ပံတိုက်စစ် ကစားသမား တဦးကို ခေါ်ယူဖို့ စဉ်းစားထားပြီး စီးတီးရဲ့ ကင်းထောက်တွေကလည်း သူတို့အသင်းရဲ့ ကစားကွက်နဲ့ အံဝင်မယ့် တောင်ပံတိုက်စစ် ကစားသမားတွေကို လိုက်လံ ရှာဖွေနေပါတယ်။

တဖက်မှာတော့ အသက် ၂၃နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ရိုဒရီဂိုက ဘယ် ၊ ညာ တောင်ပံနှစ်ဖက်စလုံး အပြင် လိုအပ်ရင် တိုက်စစ်မှူး အဖြစ်ပါ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက လက်ရွေးစင်အသင်းဖော် ဗင်နီးစီးယပ်စ်နဲ့ တွဲဖက်ကာ ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်နေရသူပါ။

ရိုဒရီဂိုက ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံမှာ ၅၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၇ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၉ကြိမ် ရရှိထားကာ သူဟာ ရာသီတိုင်းမှာ ရီးရဲလ်မက်ဒရစ် အတွက် အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူပေးလေ့လည်း ရှိပါတယ်။

Photo Credit: Goal

ရိုဒရီဂိုက ရီးရဲလ်မက်ဒစ်မှာ ပျော်နေသလို ခြေစွမ်းကောင်းတွေလည်း ထုတ်ပြထားနိုင်ပေမယ့် မကြာခင်မှာ ရီးရဲလ်မက်ဒရစ်ဆီ ရောက်လာတော့မယ့် ပြင်သစ်ကြယ်ပွင့် အမ်ဘာပေကြောင့် ပုံမှန် ကစားခွင့် မရတော့မှာကို စိုးရိမ်နေပြီး စပိန်အခြေစိုက် သတင်းရင်းမြစ်တွေကတော့ မန်ချက်စတာ စီးတီးဟာ ရိုဒရီဂိုနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း ဆိုလာပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဟိုဆေး ဖီးလစ် ဒီယက်ဇ်ရဲ့ အဆိုအရ မန်ချက်စတာ စီးတီးဟာ ရီးရဲလ်မက်ဒရစ်နဲ့ ရိုဒရီဂိုတို့ရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး အကယ်၍ ရိုဒရီဂိုကသာ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာဖို့ စဉ်းစားထားတယ် ဆိုရင် ကမ်းလှမ်းမှု လုပ်ဖို့ပါ အသင့် ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။